Friday, November 23, 2007

လမ်းလျှောက်ကြမယ် သူငယ်ချင်း


သူငယ်ချင်းတို့ရေ....
စောစောအိပ်ရာထကြရအောင်
မိုးအကုန် ဆောင်းအကူး
လမ်းလျှောက်ကြရအောင်။

အိပ်ချင်သေးတယ်ဟာ
ထချင်သေးဘူး
ဘာအတွက်လဲ
ဘယ်သူ့အတွက်လဲ။

မင်းအတွက်ပါ သူငယ်ချင်းရယ်
နေ့စဉ်နာရီဝက် လမ်းလျှောက်ရင်
ဆရာဝန်မလိုတဲ့ ကျန်းမာရေး
ဒေါင်ဒေါင်မြည်ကို ရချင်ဘူးလား။

အိပ်ရေးဝမှ ကျန်းမာတယ်ဆို
ကျန်းမာရေးအတွက်
အိပ်တာဘဲလေ
ရဘူးလားကွာ သူငယ်ချင်းရာ။

သူငယ်ချင်းရယ် စဉ်းစားပါ
လှုပ်ရှားနေတဲ့ ဒီခန္ဓာ
စည်းချက်ညီညီ ရှိဘို့ရာ
လိုအပ်တယ်လေကွာ။

နာရီဝက်ကလေး စော ထတာ
ဘယ်မှာ အိပ်ရေးပျက်မလဲကွာ
တစ်နေကုန်ထိုင် အလုပ်လုပ်ကြ
လှုပ်လှုပ်ရှားရှား ရှိမှပါ့။

သူငယ်ချင်းရာ မပျင်းနဲ့ကွာ
စောစောအိပ်ရာထပါဟာ
လမ်းလျှောက်သွားကြမယ်လေကွာ
သွားကြစို့ကွာ သွားစို့ကွာ။

ပါချူးတို့ သူငယ်ချင်းတစ်စု မနက် ၅နာရီခွဲဆိုရင် လမ်းထလျှောက်ဖြစ်ကြတယ် မြန်မြန်သွက်သွက်ကလေးပေါ့၊ မမမြင့်အောင်၊ ချိုလွင်၊ မခမ်းနှင့် ပါချူးတို့ ၄ ယောက်ကနေ့တိုင်း လမ်းလျှောက်ဖြစ်ကြတယ်။ ၆နာရီလောက်ထိ လျှောက်ဖြစ်ကြတယ်၊ ပါချူးက မပြေးနိုင်ဘူး ပြေးလိုက်ရင် ကိုယ်က ရှေ့ရောက်ပီး ခြေထောက်က နောက်ကျန် နေရစ်တယ်၊ ဒါကြောင့်မို့ လမ်းကိုဘဲ မြန်မြန်လျှောက်တယ်၊ လမ်းလျှောက်တာကတော့ ဘယ်လောက်ဝေးဝေး လျှောက်နိုင်တယ်၊ ဆရာကြီးတစ်ယောက်ကပြောတယ် လမ်းကို ဖြေးဖြေးလျှောက်ရင် စားကောင်းသောက် ကောင်းရုံဖြစ်မယ်တဲ့ မြန်မြန်လျှောက်မှ ၀ိတ်ကျတယ်တဲ့၊ လူတစ်ယောက်ဟာ ပိန်ပိန်၊ ၀၀ ဘယ်လိုပုံစံဘဲရှိနေ ပါစေ ကျန်းမာရေးကောင်းဘို့က အဓိကဘဲလို့ ပါချူးထင်တယ်လေ။ လမ်းလျှောက်လို့ လူ့ခန္ဓာကိုယ် ပေါ့ပါးပြီး နေလို့ကောင်းတာက ပါချူးလက်တွေ့ပါ။ သူငယ်ချင်းတို့လည်း အားလပ်တဲ့ အချိန်ကလေးမှာ လမ်းလျှောက်ကြ ပါလားဟင်.......

2 comments:

Thein Min Htike said...

မကြီးရေ

လျှောက်မယ်။ ကောင်းတမန် တို့ လည်း လူစုနေတယ်။

ဆောင်းတွင်းတော့ မဟုတ်ဘူးဗျ။

ဒါပေမယ့် တနေကုန် ထိုင်နေရတော့ မနက်လေးတော့ လျှောက်မှကို ဖြစ်တော့မှာ မို့လို့ဗျ။

magyi-parchuu said...

ကောင်းတမန်ရေ
မကြီးလည်း ဒီရောက်မှ လမ်းလျှောက်ဖြစ်တာ ၅လလောက်ဘဲရှိသေးတယ် မိုးရွာတဲ့နေ့က လွဲရင်လျှောက်ဖြစ်တယ်