Monday, March 31, 2008

ငယ်ငယ်တုံးက.............(၂)

မကြီး ကျောင်းစနေတော့ အပျော် သူငယ်တန်းကို မနေလိုက်ရဘူး။ သူငယ်တန်းကြီး ကနေ စပီး နေရတယ်။ ဘုတလင်မြို့က အထက်တန်း ကျောင်းမှာဘဲ စတက်တာလေ။ တစ်မြို့လုံးလည်း ဒီတစ်ကျောင်းဘဲ ရှိတာ (ဟီး.... ကြွားတာ)။ မြို့နားလေးက ရွာတွေမှာလဲ မူလတန်းကျောင်း တွေရှိတယ် မကြီးတို့ငယ်ငယ်က နာမည်အကြီးဆုံး ကျောင်းက မြောက်ကြည်ရွာ က မူလတန်းကျောင်းပါ။

မေမေက ကျောင်းအပ်ဖို့ ကျောက်သင်ပုန်း တစ်ချပ်နဲ့ ကျောက်တန် နှစ်ချောင်းကို လွယ်အိတ်ကလေးထဲကို ထဲ့ပေးပီး လွယ်လာပေးပြီး ကျောင်းကို လိုက်လာတယ်။ ကျောင်းအပ်ပီး မကြီးထိုင်ရမဲ့ ရှေ့ဆုံးခုံကို မေမေက လွယ်အိတ်ချပေးပီး လွယ်အိတ် မပျောက်ဘို့ မကြီးကို မှာပီး ပြန်သွားတယ်။ မကြီးလည်း လွယ်အိတ် ကလေး ကိုင်ပီး အတန်းမှာ ထိုင်နေခဲ့တာပေါ့။ မကြီးတို့ သူငယ်တန်း အတန်းပိုင် လက်ဦးဆရာက ဆရာမကြီး ဒေါ်သိန်းပါ။ ပိန်ပိန်ပါးပါး နှာတံပေါ်ပေါ် မျက်ခုံးမျက်လုံး ကောင်းတယ်။ စာကြည့်မှ မျက်မှန်တပ်တယ်။

မကြီးတို့ ခေတ်က စာရေးဘို့ ကျောက်သင်ပုန်း၊ ကျောက်တံကိုဘဲ သုံးရတာလေ။ ကျောက်ခေတ်ပေါ့ဟာ။ ဆရာမကြီး ဒေါ်သိန်းက ကျောင်သင်ပုန်းရဲ့ သစ်သား ဘောင်တွေကို နာမည်ကလေးတွေ လိုက်ရေးပေးတယ်။ တစ်ချို့က လွယ်အိတ် မပါဘူး ကျောက်သင်ပုန်းနဲ့ ကျောက်တံနဲ့ဘဲ ကိုင်လာတာ။ ဘောင်မပါတဲ့ ကျောက်သင်ပုန်းကို ကိုင်လာတဲ့သူလည်းရှိတယ်။

အဲဒီမှာ စတော့တာဘဲ........... မကြီးတို့ အတန်းထဲမှာ နှင်းမှုံ ဆိုတဲ့တစ်ယောက် ရှိတယ်။ သူကိုင်တဲ့ ကျောက်သင်ပုန်းက ဘောင်မပါဘူး။ ကျောက်သားအနက် ဘဲရှိတယ်။ စွာလဲတော်တော်စွာတယ်။ ပါးစပ်တင်မဟုတ်ဘူး လက်ပါ ပါတယ်။ သူကဘဲရန်သွားစ ပီးရင် ကျောက်သင်ပုန်းနဲ့ အရင် ခုတ်ချ လိုက်တယ်။ နေ့တိုင်း ခေါင်းပေါက် ထိပ်ပြဲတွေဖြစ်နေတယ်။ ဆရာမကြီးကလည်း ဆိုဆုံးမတယ်၊ ရိုက်တယ်။ ဒါပေမဲ့ မရဘူး။ ဆရာမတွေ လစ်ရင် လစ်သလို လုပ်နေတာ။ ဆရာမကြီးလည်း ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတယ်။

မကြီးတို့ အတန်းမှာ နှင်းမှုံ အကျယ်ခံရတဲ့သူ မရှိသလောက် ဖြစ်နေဘီ။ အားလုံးလည်း သူ့လက်ချက်ကနေ မလွတ်ဘူး။ ဒါဏ်ရာတွေ ကိုယ်စီနဲ့ ဖြစ်ကုန်ကြဘီ။ နောက်နေ့မှာ မကြီး အလှည့်ဘဲလို့ ထင်လိုက်တယ်။ ကျောင်းကို မသွားချင်ဘူး ကြောက်နေတယ်။ ကိုယ်ကလည်း မလုပ်ချင်ဘူး။ ကိုယ်အလုပ် ခံရမှာလည်း မခံချင်ဘူး။ ကျောင်းမသွားရင်လည်း မေမေကို ကြောက်လည်း ကြောက်တယ်။ ဘာလုပ်ရမှန်းလည်း မသိဘူး ဖြစ်နေတယ်။

နောက်နေ့မှာ ကြောက်ကြောက်နဲ့ ကျောင်းကို စောစောလာပီး သူငယ်ချင်းတစ်တွေကို စုလိုက်တယ်။ သူငယ်ချင်း (၆)ယောက်ရတယ်။ (၆)ယောက်ထဲက တစ်ယောက်ယောက်ကို အကျယ်ခံရရင် ကျန်တဲ့ (၅)ယောက်က ၀ိုင်းကူပေးကြေး ဆိုပီး သဘောတူ လိုက်ကြတယ်။ သွေးသောက်ဖွဲ့သလိုပေါ့။

ထင်တဲ့အတိုင်းဘဲ မကြီးတို့ထဲက တစ်ယောက်ကို နှင်းမှုံ ကျယ်တာခံရတယ်။ ခေါင်းကို ကျောက်သင်ပုန်းနဲ့ ခုတ်မလို့ ရွယ်ထားတယ်။ မကြီးတို့ သူငယ်ချင်း (၅)ယောက်က စာရေးတဲ့ ခုံတွေပေါ် တက်ပီး သူ့ကို ကျောက်သင်ပုန်း ကိုယ်စီနဲ့ ရွယ်လိုက်ကြတယ်။ နှင်းမှုံလည်း ဆက်မလုပ်ရဲ၊ မကြီးတို့ကလည်း ကျောက်သင်ပုန်းတွေ ရွယ်ထားတာကို မချရဲနဲ့ အချိန်တော်တော် ကြာသွားတယ်။ မကြီးတို့ အဖွဲ့ ဖြစ်ပျက် နေတာကို ဆရာမတွေက နေ့လည်စာ ထမင်းစားနေကြလို့ မသိကြဘူး။ ကြာလာတော့ နှင်းမှုံလည်း အော်ငိုတော့တာဘဲ။ ဒီအထိ မကြီးတို့ ရွယ်ထားတဲ့လက်က မချရဲဘူး။ ဆရာမတွေ ပြေးလာတော့မှ လက်တွေ ချလိုက်ကြတယ်။ ဆရာမတွေက စစ်ဆေးတာပေါ့။ မကြီးတို့ (၆)ယောက်လည်း တစ်ယောက်တစ်ပေါက် ဆူညံနေအောင် ပြောလိုက် ကြရတာ.... ဆရာမကြီးက အပြစ်မှ လွတ်စေတဲ့။ အဲဒီနေ့က ပျော်လိုက်ကြတာ မကြီးတို့ သူငယ်တန်းမှာ သွေးမထွက်တဲ့ နေ့ဘဲ။ ပိုပီး ပျော်စရာ ကောင်းတာက နှင်းမှုံဟာ အတန်းထဲမှာ နောက်ထပ် ဘယ်သူ့ကိုမှ မကျယ်ရဲတော့တာဘဲ။

Tuesday, March 25, 2008

ငယ်ငယ်တုံးက.............(၁)

Photobucket

ဒီလို နွေဦးအချိန် နေတွေပူ၊ လေတွေတိုက်၊ မိုးတွေရွာဘီဆို မကြီးပါချူး မှတ်မိနေတဲ့ အချိန်ကလေးတွေကို အတွေးစက ပြန်ရောက်သွားတယ် ....

မကြီးပါချူးတို့ ငယ်ငယ် (၆-နှစ်) တုံးက ဒီလိုမျိုးနွေဦးရာသီ တစ်ခုမှာ အိမ်ပြောင်းဘို့ သေတ္တာတွေ အိတ်တွေထဲကို ပစ္စည်းတွေထဲ့ပီး မေမေက မကြီးအပါအ၀င် သမီး (၃)ယောက်ကို လက်ဆွဲပီး ကားကြီးနဲ့ ထွက်ခဲ့ကြတယ်။ အဲဒီအချိန်မှာ ဖေဖေက မရှိဘူး အလုပ်တာဝန်ကျတဲ့ဆီကို သွားနေရလို့။ မကြီးတို့ အခုနေတဲ့ အိမ်နေရာကိုပေါ့။ အဲဒီအချိန်တုံးက လယ်ကွင်းတွေကို ပေ(၈၀x၈၀) အိမ်အကွက်ရိုက်ပီး ရောင်းတာကို ငွေ ၅၀၀ိ/ကျပ်နဲ့ ၀ယ်ရတယ်။ မကြီးတို့အကွက်က ရေကန်ကြီးနဲ့ ကပ်ရက် ညောင်ပင်ကြီးနှစ်ပင် အောက်မှာ။ လယ်ကန်သင်းရိုးတွေ ရှိနေတုံးဘဲ။ မကြီးတို့ အညာက ရေရှားတော့ နွေရာသီမှာ ကန်မကြီးနဲ့ကပ်လျှက် ရှိနေတဲ့ အိမ်တွေဘဲ ရေပေါတယ်။ အဲဒီရေကန်ကြီးကလည်း တစ်မြို့လုံး သုံးတာလေ။ ဒါကြောင့်မို့ ဖေဖေက ရေအတွက် စိတ်မပူရအောင် သေချာရွေးပီး ၀ယ်လိုက်တာ။ အဲဒီအချိန်တုံးက မကြီးတို့ ရပ်ကွက်မှာ အိမ်ဟောင်း(ရှိပီးသားအိမ်)က (၂)အိမ်၊ မကြီးတို့နဲ့ တစ်ရက်တည်း တိုင်ထူတဲ့အိမ်က (၁)အိမ်၊ မကြီးတို့အိမ်ရယ်ဆိုရင် စုစုပေါင်း (၄)အိမ်ဘဲရှိသေးတာ။

မေမေက မကြီးတို့ ကလေး(၃)ယောက်ကို ညောင်ပင်ကြီးအောက်မှာ ဖျာခင်းပီးနေခိုင်းတယ်။ ညောင်ပင်တစ်ပင်လုံး နီရဲပီး အရွက်သစ်တွေထွက်တဲ့ အချိန်လေ။ အိမ်ဆောက်ကြမဲ့ လက်သမားတွေ ရောက်လာတယ်၊ ဖေဖေလည်း ရောက်လာတယ်။ တိုင်ထူတဲ့သူကထူ ရွေဘော်ထိုးတဲ့သူကထိုးနဲ့ အားလုံး မနားကြဘဲ အလုပ်လုပ် နေကြတယ်ဆိုတာ မကြီးမှတ်မိနေတယ်။ မကြီးတို့အိမ်က တိုင်ထူပီးတော့ နောက်အိမ်က တိုင်ထူဘို့ လူလိုတာနဲ့ ဖေဖေက သွားကူပေးလိုက်သေးတယ်။ မကြီးတို့ ညီအစ်မ (၃)ယောက်လည်း ဖျာကလေးပေါ်မှာ ကစားလိုက်ကြ စားလိုက်ကြနဲ့ ပျော်နေကြတာပေါ့။ နေ့ပိုင်းမှာ ညောင်ပင်ရိပ်က ကောင်းကောင်း မရတော့ ပူလိုက်တာ။ ဖျာပေါ်ကနေ ဘယ်မှ မသွားရဘူးလို့ မေမေက ပြောထားတော့ နေစရာ ကလည်းမရှိ။ ညနေစောင်းတော့ မေမေ့ သူငယ်ချင်း အန်တီကြီးက မကြီးတို့ ညီအစ်မတစ်တွေကို ထမင်းကြွေးဘို့ သူ့အိမ်ခေါ်သွားတယ်။ ပဲထမင်း၊ ခရမ်းသီးခြောက်ချက်၊ မန်ကျီးရွက် ချုဉ်ရေဟင်းကို ကြွေးတယ် မကြီး အကြိုက်ဘဲလေ။ စားလို့ ကောင်းလိုက်တာ၊ မကြီး အခုချိန်ထိ မှတ်မိ နေသေးတယ်။

မကြီးတို့ အိမ်က နှစ်ဆောင်ပြိုင် ၄ခန်းx၃ခန်း၊ နောက်အဆောင်ကို ကြမ်းအပြည့် ခင်းထားတာ။ ညပိုင်းမှာ အညာရဲ့ ထုံးစံအတိုင်း နေ့ပိုင်း အပူလွန်ပီးရင် ညပိုင်း မိုးရွာတော့တာပေါ့။ အိမ်ကလည်း ကြမ်းခင်း၊ အမိုး မိုးပီးရုံဘဲ ရှိသေးတယ်။ အကာတွေ မကာရသေးဘူး။ မိုးတွေက တဝေါဝေါရွာ၊ လေတွေကတိုက် ဆိုတော့ အကာမရှိတဲ့အိမ်မှာ မိုးပက်တော့တာပေါ့။ မကြီးတို့ ကလေးတွေ အိပ်နေတဲ့ ပတ်လည်ကို ဗီရိုတွေကာ၊ သေတ္တာတွေ ဆင့်ပီးကာ၊ ခြင်ထောင် အထူကြီးထဲမှာ မကြီးတို့ ကလေးတွေကို ဖေဖေနဲ့ မေမေက ငုတ်တုတ် ထိုင်ပီး ထီးတွေဆောင်းပေး နေကြတာကို မကြီးတစ်ရေးနိုးလို့ မျက်လုံးလေး ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာ တွေ့လိုက်ရတဲ့ မြင်ကွင်းကို အခုထိမမေ့သေးဘူး။

Saturday, March 22, 2008

တိတ်ဆိတ်

Photobucket

ကန်ရေဖွေးဖွေး လေအေးအေးမှာ
သူငယ်ချင်းအပေါင်း စုပေါင်းအတူ ထိုင်ခဲ့ဘူးတယ်။

ရှေးဟောင်းနှောင်းဖြစ် လွမ်းမောစရာတွေ
ဟာသတွေလဲ ပြောခဲ့ဘူးတယ်။

ဂစ်တာတီးရင်း သီချင်းဆိုလို့
မြူးတူးရယ်မော ပျော်ခဲ့ဘူးတယ်။

အခုဘာတွေ လုပ်နေလဲလို့
တိုင်ပင်နှီးနှော ပြောခဲ့ဘူးတယ်။

နောင်... ဘာတွေ လုပ်ကြမလဲလို့
ဆွေးနွေးတိုင်ပင် ခဲ့ကြဘူးတယ်။

ဘ၀အသီးသီး ကိုယ်စီထမ်းလို့
တာဝန်များစွာ ရှိနေကြတော့
အခုတော့လည်း ထိုနေရာမှာ
ထိုင်သူမဲ့လို့ အသံတိတ်ဆိတ်
ငြိမ်သက် ခြောက်သွေ့နေတော့တယ်။

ကြယ်ကလေး

Photobucket

ကြယ်ကလေးတွေရယ်....... ကြည့်လိုက်ရင် သေးသေးလေးဘဲမြင်ရတယ်။ သဘာဝကိုက သေးလို့လား ..... ဟို........... အဝေးကြီးမှာ ရှိနေလို့လားဟင်........
မင်းတို့ကို ကြည့်လိုက်ရင် မှိတ်တုတ် မှိတ်တုတ် ဖြစ်နေတာဟာ ကိုယ်ရောင်လေလား ....... စကားပြော နေကြတာလား ပျော်ရွှင်မြူးတူးပီး ကခုန်နေကြတာလား........
ဒါမှမဟုတ် ကြီးမားဝိုင်းစက်တဲ့ အထီးကျန် လမင်းကြီးကိုဘဲ စကားပြောပေး နေကြတာလား........
မင်းတို့ထက် ကိုယ်ရောင်ပိုတောက်လို့ မနာလိုစကားများ ပြောနေကြတာလား...........
ဒါမှမဟုတ် နေ့လည်ပိုင်းမှာ မင်းတို့တစ်တွေ လင်းခွင့်မရဘဲ လောကတစ်ခွင်လုံးကို ၀င်းတောက်နေအောင် အလင်းရောင်ပေးတဲ့ နေမင်းကြီးကိုဘဲ မကျေနပ်စကား ပြောနေကြတာလားဟင်........
မိုးတိမ်ကင်းစင်တဲ့ညပိုင်း အမှောင်ထုရောက်တိုင်း ကောင်းကင်ကြီးကို မော့ကြည့်လိုက်ရင် မင်းတို့တစ်တွေကို တွေ့နေရတာဟာ ငါ့ရင်ကို အေးချမ်းစေပါတယ်...........
မင်းတို့လေးတွေ မှိတ်တုတ်မှိတ်တုတ်နဲ့ စကားပြောနေကြတဲ့ အသံလေလားလို့ ငါနားဆွင့်နေတတ်ခဲ့တာ ကြာနေဘီလေ.........
မင်းတို့ ပြောလိုက်တဲ့ စကားသံလားတွေဟာ ငါကြားလေမလားလို့ နားဆွင့်နေတာလဲ ညပေါင်းမြောက်များစွာ ရှိနေပါဘီ .......
လမိုက်ညမှာ ကြယ်လေးတွေရဲ့ အလင်းရောင်ဟာ ပိုလင်းလာလေမလားလို့ ညဥ့်နက်အောင် စောင့်ခဲ့ရတဲ့ ညပေါင်းလည်း မနဲတော့ဘူးလေ..........
ကြယ်ကလေးတွေ ပျော်ရွှင်လို့ ကခုန်မြူးတူး နေတာလေလားလို့ ငါလည်းလိုက်လို့ ပျော်ခဲ့တဲ့ ညပေါင်းလည်း များနေဘီ............
ကြယ်ကလေးတို့ရေ......... မင်းတို့ရဲ့ မှိတ်တုတ်မှိတ်တုတ် ကလေးတွေဟာ ဘာတွေခံစားပီး ဘာတွေလုပ်နေတာလဲလို့ ငါ့ကိုပြောပြနော်..............

Thursday, March 20, 2008

တူးပို့ကို ပြောပေးကြပါ..........

Photobucket

မနက်ပိုင်း မိုးလင်းကတည်းက ကြားနေရတဲ့ အသံကလေးက တူးပို့ တူးပို့ ဆိုတဲ့ သီချင်းသံလေး။ ဒီသီချင်းကလေးဟာ သင်္ကြန်မိုး ရုပ်ရှင်ဇတ်ကားထဲက သီချင်းကလေးဆိုတာ လူတိုင်း သိကြတယ်လေ။ မကြီးတို့တစ်တွေ သင်္ကြန်မိုးရုပ်ရှင်ကို ဘယ်နှစ်ခေါက်မှန်းမသိ ပြန် ပြန်ပီး ကြည့်မိကြတယ်။ ကြည့်မိတိုင်းလည်း ရိုးသွားတယ်ဆိုတာ မရှိဘူး။ အခုချိန်ထိလည်း ပြန်ကြည့်ချင်တဲ့ စိတ်ကလေး ရှိနေတုံးဘဲ။ သင်္ကြန်မိုးသီချင်းခွေရဲ့ မြူးကြွ မြိုင်ဆိုင်နေတဲ့ အသံကလေးတွေဟာ ဘယ်တော့မှ ရိုးအီသွားတယ်ဆိုတာ မရှိဘူး။ သင်္ကြန်နဲ့ သင်္ကြန်မိုးသီချင်းခွေနဲ့ဟာ ဘယ်လိုမှ ခွဲခွာလို့မရတဲ့ဟာပါ။ သင်္ကြန်မိုးသီချင်းခွေ စပေါ်တော့ မကြီးတို့တစ်တွေ နားထောင်ကြတယ်။ အဲဒီထဲမှာ ထူးခြားတဲ့ စာသားလေးက တူးပို့ တူးပို့ဆိုတဲ့ စာသားလေးကို သတိထားမိ လိုက်ကြတယ်။ ဘယ်သီချင်းမှာမှ မတွေ့ဘူးတဲ့ စာသားလေးလေ။ ညီမလေးတစ်ယောက်က မေးတယ် တူးပို့ဆိုတာ ဘာလဲတဲ့။ မကြီးတို့တစ်တွေမှာ တော်တော်လေး ဦးနှောက်စားတယ်။ မြည်သံကို အစွဲပြုပီး ရေးထားတာ ဆိုပေမဲ့ တူးပို့ဆိုတဲ့ မြည်သံကို ဘယ်ဟာကိုတီးလို့ ထွက်လာတဲ့ အသံပါလို့ ပြောပြဘို့ မသိဘူးဖြစ်နေတယ်။ မြည်သံနဲ့ ကာရံနဲ့ကိုက်အောင် ရေးထားတဲ့ စာသားလေးလို့ မကြီးထင်တယ်လေ (အခြားလေးနက်သော အဓိပ္ပါယ်များရှိရင် ခွင့်လွှတ်ပါ မကြီးရဲ့ ညံ့ချက်ဘဲ ဖြစ်ပါတယ်)။ ညီမလေးကလည်း ပေါက်ပေါက်ရှာရှာ သူမို့လို့ မေးတတ်တယ်။ အဲဒီတုံးက တူးပို့ဟာ ဘာသံလဲလို့ ပြောဘို့ရာ မသိခဲ့ပေမဲ့ နားထောင်လို့တော့ တော်တော်ကောင်းတာဘဲ။ အခုထိလည်း နားထောင်လို့ ကောင်းတုံးဘဲ။ ဒါပေမဲ့ ဘာကိုတီးလိုက်လို့ တူးပို့သံထွက်လာတယ်ဆိုတာ မကြီးပါချူးလည်း အခုထိ မသိသေးဘူး။ ဒါဟာ မကြီးပါချူးရဲ့ အနုပညာမှာ မျက်စေ့မရှိမှုပါ။ သူငယ်ချင်းတို့သိရင် မကြီးကို ပြောပြကြပါနော်...........

Tuesday, March 18, 2008

နွေစာ

မကြီးပါချူးတို့ ငယ်ငယ်က ဆောင်းရာသီ ကုန်ခါနီးဘီဆိုရင် တစ်အိမ်လုံး အလုပ်ရှုတ်ကြရတယ်။ မေမေက နွေရာသီ (၃)လလောက်ကို စားဘို့ ခရမ်းသီးကို ပါးပါးလှီးပီး အခြောက်လှမ်း။ ပဲပိဇွန်လို့ ခေါ်တဲ့ နွေပဲသီးကို အခြောက်လှမ်း။ ဘူးသီးတွေကို လှီးပီး အခြောက်လှမ်း လုပ်ခိုင်းတယ်။ မကြီးတို့ဆီမှာ ခရမ်းချဉ်သီးတွေကလည်း ပေါတဲ့ အချိန်မှာ ပြည်တောင်းနဲ့ တစ်တောင်းကို ၁၀ပြား၊ ၁၅ပြားပေးရတယ်။ ခရမ်းချဉ်သီးတွေဝယ်ပီး အိမ်အောက်မှာ သဲလေနဲနဲခင်းပီး ဖြန့်ထားတယ်။ မကြီး (၂)တန်းလောက်တုံးက ခရမ်းချဉ်သီးဈေး (၈) ကျပ်ဖြစ်သွားလို့ မေမေက ၀ယ်မချက်တော့တာကို မှတ်မိသေးတယ်။ နောက်ပီး လက်ပန်ပွင့်တွေကို လိုက်ကောက်ပီး အခြောက်လှန်းထားတယ် (မကြီးတို့ အလုပ်ချင်ဆုံး အလုပ်လေ...... လက်ပန်ပင်အောက်မှာ ကစားရင်း ကောက်ကြလို့)

မကြီးတို့ တစ်တွေ နွေရာသီရောက်ပီဆိုရင် ဟင်းရွက်စိမ်းစားရဘို့ တော်တော်ရှားတယ်။ ကန်ဇွန်းရွက်ဆို အရုပ်ရေးယူရမယ်။ နွေမှာ စိမ်းစိမ်းအရွက်က မရှိသလောက်ရှားတယ်။ ရှိတဲ့ စိမ်းစိမ်းအရွက်က ခွေးတောက်ရွက်၊ ထနောင်းရွက်၊ မန်ကျီးရွက်၊ သမုန်းပွင့် ဒါတွေဘဲရှိတယ်။ အိမ်မှာ ဖေဖေက ခွေးတောက်ပင် စိုက်ပေး ထားတယ်။ နွေရောက်ပီဆိုရင် ခွေးတောက်ပင်တော့ မကြီးတို့ လက်ချက်နဲ့ ခေါင်းမဖေါ်နိုင်တော့ဘူး။ နွေရာသီမှာ မကြီးတို့ကို မေမေချက်ကြွေးတဲ့ ဟင်းလေးတွေကို ပြောပြမယ်...............

၁။ ကြက်သားနဲ့ ခွေးတောက်ရွက်ကို အရည်လေးနဲ့ချက်၊ ပဲပြုတ်ဆီဆမ်း၊ သရက်ချဉ်ကိုကြက်သွန်နီလေးနဲ့သုတ်။
၂။ ခရမ်းသီးခြောက်၊ ဘူးသီးခြောက်၊ ပဲသီးခြောက်၊ လက်ပန်ခေါင်းခြောက် (အခြောက်မှန်သမျှ)ကို ငပိကလေးနဲ့ ငရုပ်သီး စပ်စပ် ကလေးချက်။ မန်းကျီးရွက်ချဉ်ရေ။ ငါးခြောက်ဖုတ်။
၃။ ပဲဟင်း။ မန်ကျီးရွက်ထောင်း။ ကြက်ဥကျော်။
၎။ ငါးခြောက်ချက်။ ထနောင်းရွက်သုတ်။ ပဲပြုတ်။
၅။ သမုန်းပွင့်သုတ်။ ငါးခြောက်ကျော်။ မန်ကျီးရွက်ချဉ်ရေ။
၆။ မန်ကျီးရွက်ကျော်။ ပဲဟင်းကို ကြာဇံလေးခတ်။ ကြက်ဥကျော်။
၇။ မန်ကျီးရွက်ထောင်း။ ကြက်သားအရေချိုချက်။

အခုတော့ တော်သေးတယ် နွေမှာ စိုက်တဲ့ ဟင်းရွက်တွေကလည်း ရှိနေဘီလေ။ ဘယ်အချိန်မှာဘဲ ဖြစ်ဖြစ် ဟင်းရွက်စိမ်းကလေးတော့ စားလို့ ရနေတယ်။ သူငယ်ချင်းတို့ မေမေကရော ငယ်ငယ်က ဘာဟင်းတွေကို ချက်ကြွေးလဲဟင်။

Monday, March 17, 2008

ဦးနှောက်ထဲမှာ ဗလာဖြစ်နေတယ်။ ပို့စ်အသစ်လည်း တင်ချင်တယ်။ ရေးလည်းရေးချင်တယ်။ မနက်ကတည်းက ၀င်ထားပီး ညပိုင်းထိ ဘာမှမရေးဖြစ်ဘူး။ ဘာရေးရမလဲလို့ စဉ်းစားလိုက်တဲ့အချိန်မှာ ဟိုတစ်စ ဒီတစ်စဘဲ ထွက်လာတယ်။ စိတ်သာရှိတာ ရေးလို့မရဘူးဖြစ်နေတယ်။ လုပ်လက်စ အလုပ်တစ်ခုကိုလည်း လက်စသတ်နေတာ မပီးနိုင်ဘူးဖြစ်နေတယ်။ လမ်းမဘက်ကို ငေးကြည့်ရင်း အတွေးအားလုံးကို လိုက်စုနေတော့လဲ အသုပ်စုံ တစ်ခုလို ဖြစ်နေတယ်။ သူငယ်ချင်းတို့ကိုလည်း တစ်စစီဖြစ်နေတဲ့ အတွေးစတွေကို မလှမပ ချမပြချင်ဘူး။ သူငယ်ချင်းတွေ ဘလော့ဂ်ကို လိုက်ကြည့်နေတာလဲ မျက်စေ့အောင့်လာတာနဲ့ နားလိုက်ရတယ်။ ဒါပေမဲ့ မကြီးပါချူးဘဲ တစ်ခုမရ တစ်ခုပေါ့။ ကော်ဖီထဖျော်လိုက်တာပေါ့။ ကော်ဖီနဲ့တွဲပီး ဘာစားရမလဲ စဉ်းစားတော့ လွယ်တာတစ်ခုထွက်လာတယ်။ ပေါင်မုန့်နှစ်ချပ်ကြားမှာ အစိမ်းကျော်ညှပ်ပီး စားလိုက်တာပေါ့။ သူငယ်ချင်းတို့ရော စားကြပါဦး။

Monday, March 10, 2008

နှုတ်ဆက်ရအောင်

အေးဆေးတဲ့ မျက်နှာလေးနဲ့
တက်ကြွှမှုမရှိသလို မျက်လုံး
စကားတစ်ခွန်းထွက်ဘို့ စဉ်းစားတာ
ဆယ်ကမ္ဘာ ဆွေးလောက်ရဲ့။

သံယောဇာဉ်က အလွန်ကြီး
ပြုံးချိုချို မျက်နှာပေးနဲ့
အေးဆေးတဲ့ လေသံ
တိုးလျလျနဲ့ ဆွဲဆောင်နိုင်သူ။

အရပ်ရှည်ရှည် ခါးကိုင်းကိုင်း
ပိန်လိုက်တာ အားမရှိသလို
အသားတွေ ဘယ်ရောက်
ကြည့်လိုက်ရင် ရှူနာရှိုက်ကုန်း
လေလာရင် လဲတော့မလား။

ဖြေးလေးတဲ့ ခြေလှမ်းတွေနဲ့
ဘယ်သူတွေ ဘယ်လောက်ပျာပျာ
ကမ္ဘာမြေကြီးကို သေချာအောင်ထိလို့
အေးဆေးစွာ လျှောက်တတ်တဲ့အကျင့်။

အပြင်ပန်းနဲ့ ဆန့်ကျင်တဲ့ဦးနှောက်
ထစ်ခနဲဆို သိပီး
ဒက်ခနဲဆို ဆုံးဖြတ်ချက်ချလို့
လှစ်ခနဲဆို လုပ်ပီးတဲ့အကျင့်။

ဘယ်အလုပ်မဆို အဆုံးထိသိချင်
ဇွဲကလည်း အလွန်ကောင်း
ဘယ်လိုပင်ခက်ခဲပါစေ
မဖြစ် ဖြစ်အောင်လုပ်နိုင်သူ။

ဒို့တစ်တွေဟာ တွေ့ကြုံဆုံကွဲ
ဖြစ်မြဲမို့ ၀မ်းနဲမနေနဲ့
နောက်တစ်ကြိမ် ပြန်တွေ့ဘို့
ရောင်းရင်းကြီးရေ...............
ပျော်ပျော်ကြီး နှုတ်ဆက်ရအောင်။

Thursday, March 6, 2008

လေဟာနယ်

မေမေရဲ့ အေးမြတဲ့အပြုံးလေးနဲ့
ချိုလွင်တဲ့ ရယ်သံကလေးကို
သမီးကြားချင်လိုက်တာ။

တည်ကြည်တဲ့ မျက်နှာပေးနဲ့
လောကကို ရင်ဆိုင်ဘို့
ဖေဖေ့ရဲ့ အားမာန်စကားတွေ
သမီးကြားချင်လိုက်တာ။

မိဘရဲ့ ရင်ခွင်ထဲကို တိုးမ၀င်နိုင်ခဲ့တာ
ကြာနေဘီလေ။

Tuesday, March 4, 2008

စံပယ်

Photobucket

ဆောင်းအကုန် နွေအကူး
ညင်သာတဲ့ လေရူး
ပါလာတဲ့ ရနံ့လေးက
သင်းပျံ့လှတယ်။

ပန်းပွင့်တွေထဲ စံပယ်ကိုမှရွေးကြိုက်လို့
စံပယ်ရုံပေါင်း မြောက်များစွာ
စိုက်ခဲ့တဲ့ ဒို့
လွမ်းမိတယ် စံပယ်ရယ်။

မြကမ္ဘလာ စိမ်းစိမ်းကြားမှာ
ဖြူလွှလွှ ပွင့်ဖတ်ကလေးတွေက
လေအလာ ယိမ်းနွဲ့လို့
ဆွတ်ခူးသူ မျှော်နေရော့မယ်။

မလာနိုင်ဘူး စံပယ်ရယ်
လူကွယ်တိုင်း မျက်ရည်ကျခဲ့ရ
လွမ်းလျလျ ရင်မချိအောင်
လာချင်လို့ ရင်ကွဲမတတ်
ပင်ပန်းခဲ့ပြီ။

Monday, March 3, 2008

နွေရိပ်

သံပုရာသီးကို ချဉ်လိုက်တာလို့ ပြောရင် သဘာဝကိုက အချဉ်မို့ ပြောတဲ့သူ လွန်တယ်ဆိုတာ ပြောကြတယ်။ တမာရွက်ကို ခါးလိုက်တာလို့ ပြောရင်လည်း သဘာဝကိုက ခါးနေတာလေလို့ အပြောခံရဦးမယ်။ နွေရာသီကို ပူတယ်လို့ ပြောမိရင် ပြောတဲ့သူ အဆိုးဘဲ ဖြစ်နေမယ်။ ဒါပေမဲ့ နွေအစပိုင်းဘဲ ရှိသေးတယ် နွေခါမှာ နေပူတာ မဆန်းပေမဲ့ ဒီလောက်ထိ ပူနေတာ လွန်လွန်းအားကြီးတယ်။ နွေလည်လောက်ဆို နေလို့မှ ရပါ့မလားမသိဘူး။ နေ့လည်ပိုင်း အပြင်ကို ထွက်တော့မယ်ဆိုရင် လက်ရှည်အင်္ကျီဝတ်၊ ဦးထုတ်ဆောင်း၊ သနပ်ခါး ဘဲကြားရိုက်နဲ့ထွက်လည်း ပူတာကို ကာကွယ်လို့ ရလိုရငြား လုပ်ပေမဲ့ ပူတာက ပူတာဘဲ။ ဒီအချိန်ဆို အညာမှာက ရေကန်တွေ ချောင်းတွေ မြောင်းတွေ ရေနဲနေတဲ့ အချိန်။ တစ်ချို့ကန်တွေဆိုရင် ခန်းခါနီးနေဘီ။ သစ်ပင်၊ ရေပြင်ကို တိုက်လာတဲ့ လေကမှ အေးတယ်လေ။ ရေမရှိတဲ့ ကွင်းပြင်ကို တိုက်လာတဲ့လေက ဘယ်လိုလုပ်ပီး အအေးငွေ့ပါလာမလဲ။ ဘယ်လို အင်အားမျိုးနဲ့များ အငြိုးထားပီး ပူနေရတာလဲ။
shot summer
မိုးနတ်မင်းရယ် အပူတွေကို လျှော့ချပေးပါဦးလို့ ပြောလို့ရရင် ပြောလိုက်ချင်ပါရဲ့။