Friday, February 29, 2008
စိတ်ကလေး
ပျော်ရွှင်နေလို့လား
ဝမ်းနဲနေလို့လား။
ဇရက်သံလေးက
တက်ကြွနေတာလား
ရန်ဖြစ်နေတာလား။
ရွှေကျီးသံလေးက
ကြောက်လန့်နေတာလား
ဧည့်သည်ခေါ်သံလား။
သူတို့စကား ငါတို့နားမလည်တော့
ဘာတွေပြောနေ လုပ်နေလဲဆိုတာ
ငါတို့မသိနိုင်။
ဒါပေမဲ့လည်း
ငါတို့စိတ်ထဲ ကြည်ရွှင်ချိန်မှာ
သူတို့အသံ သာယာသံလို့
ထင်မှတ်စိတ်ကြည် နူးနေတယ်။
စိတ်မရွှင်ချိန် ဘာသံကြားကြား
တမင်နှောက်ယှက် ဆူညံသံမှတ်
နားကိုပိတ်ထား မကြားချင်လောက်အောင်
ဝေးဝေးမှာဘဲ နေစေချင်။
အော်......... လူ့ရဲ့စိတ်လေး
ဆန်းကျယ်စွာဘဲ အမျိုးမျိုးတွေ
ဘာလို့ပြောင်းလဲ
ဲဖြစ်ပျက် နေရတာလဲ။
Thursday, February 21, 2008
ပြောကြပါဦး
ဘာနဲ့များ စည်းနှောင်ထားလို့လဲ။
ဦးနှောက်တွေ ဆူဝေနေတယ်
အပူမီးတွေ ဘယ်လောက်များ ပြင်းထန်လို့လဲ။
စိတ်ထဲမှာ ရှိတဲ့အတိုင်း အော်လိုက်ချင်တယ်
တကမ္ဘာလုံး ကြားရအောင်ပေါ့။
မာနကြောင့် ဖြစ်နေတဲ့ ဒေါသနဲ့
အရှုံးပေးရမှာကြောက်တဲ့ သောကကို
ငါဘာပြောရမလဲ။
မင်းတို့တစ်တွေ လက်ခံထားတဲ့
ပိုက်ဆံဆိုတာဟာ လူ့တန်ဘိုးလား
ကဲ ........ပြောကြပါဦး။
Friday, February 15, 2008
လွမ်းတယ် အညာရယ်.........
မကြီးလေ....... ကုက္ကိုရွက် အနုကလေးတွေကို သုတ်စားချင်တဲ့စိတ် ပေါ်လာတယ်။ ဒီအချိန်ဆိုရင် အညာမှာ ကုက္ကိုရွက် အနုကလေးတွေကို ရေနွေးနဲ့ ပြုတ်ပီး ဆီချက်၊ မြေပဲထောင်း၊ ပုဇွန်ခြောက်ထောင်း၊ ငပိကင် ကလေးနဲ့ သုတ်စားရတယ်။ တစ်နှစ်လုံးမှ ဒီတစ်ခါဘဲရတဲ့ ရာသီစာကလေးပါ။ မကြီးလွမ်းလိုက်တာ.........
လက်ပံပွင့်တွေကို ချဉ်ရေဟင်းချက်စား။ ခရမ်းသီးခြောက်၊ ဘူးသီးခြောက်နဲ့ ရောချက်စား။ ဒါတွေဟာ မကြီးတို့ အညာဒေသမှာ ချက်စားတဲ့ အစားအစာတွေပါ။ သတိယတယ် အညာရယ်....
လက်ပံပွင့်ခြောက်ကို ကျိုင်းတုံ မုံ့ဟင်းခါးထဲမှာ ထဲ့ချက်ပီး စားတာကို မကြီးစားဘူးတယ်။ ကျိုင်းတုံမှာ လက်ပံပွင့်ခြောက်ကို အသုံးပြုလို့ တော်တော် အံ့အားသင့်သွားတယ်......
အော်........ ဘယ်နေရာ ဘယ်ဒေသကိုဘဲ ရောက်ရောက် ကိုယ့်ဒေသကို သတိရမိတယ်၊ လွမ်းမိတယ်..........
Monday, February 11, 2008
ချစ်သူ
မင်းမျက်ဝန်း နက်နက်ကလေးကို ချစ်တယ်။
ကြည်လင်တဲ့ အပြုံးလေးတွေနဲ့
မင်းနှုတ်ခမ်း ကလေးကို ချစ်တယ်။
သာယာတဲ့ စကားလေးတွေ ပြောနေတဲ့
မင်းအသံကလေးကို ချစ်တယ်။
ခေါင်းကလေး ငဲ့ကြည့်လိုက်တိုင်း
ငါ့အသဲတွေ ပြောင်းပြန်လှန်ပြစ်လိုက်သလိုဘဲ။
နွဲ့နွဲ့ကလေး လွှဲသွားတဲ့ လက်ကလေးက
ငါ့ရင်ခုံသံကို မြန်စေတယ်။
ညင်သာတဲ့ ခြေလှမ်းကလေးတွေတိုင်း
ငါ့ကိုယ်ထဲမှာ သွေးတွေဟာ
ငြိမ့်ညောင်းစွာ စီးဆင်းနေသလိုဘဲ။
ငါ့မျက်စေ့ မှိတ်ထားလည်း
မင်းကို ငါမြင်နေရတယ်။
ငါ့နားတွေ ပိတ်ထားလည်း
မင်းအသံတွေ ငါကြားနေရတယ်။
ငါဘယ်နေရာကို ရောက်ရောက်
မင်းဟာ ငါ့အနားမှာ ရှိနေတယ်။
ငါ့အသက် တစ်ချက်ရှုလိုက်တိုင်း
မင်းကို ငါချစ်နေတယ်။
Saturday, February 9, 2008
ထမနဲ စားကြပါဦး
ကောက်ညှင်းဆန်.............. နို့ဆီဗူး ၂လုံး
ဆီ................................. ၂၀ ကျပ်သား
နှမ်းလှော်........................ နို့ဆီဗူးဝက်
မြေပဲလှော်.......................နိှု့ဆီဗူးဝက်
အုန်းသီး.......................... တစ်လုံး၏ တစ်ဝက်
ဂျင်း...............................လက်တစ်ဆစ်ခန့်
ဆား.............................. အနည်းငယ်
ကောက်ညှင်းဆန်ကို နာရီဝက်လောက် ရေစိမ်ထားပါ။ နှမ်း၊ မြေပဲ၊ ဂျင်းတို့ကို ထောင်းထားပါ။ အုန်းသီးကိုလည်း ချစ်ထားပါ။
ဆီအိုးတည်ပီး ကောက်ညှင်းဆန်ကိုထဲ့ ဆားနည်းနည်းထည့် ပြီးကျော်လိုက်ပါ။ ကောက်ညှင်းဆန်အပေါ်ရေ တင်းလာရင် ရေသင့်တော်ရုံထည့်ပီး အဖုံးအုပ်ထားပါ။ မီးကို ချိန်ဆပေးရပါမယ်။ မကြီးကတော့ လျှပ်စစ်မီးဖိုကို ပိတ်လိုက် ဖွင့်လိုက် လုပ်ပါတယ် (ပျော့တူးမနပ် ဖြစ်မှာကြောက်လို့......... ) ရေခန်းပြီး ကောက်ညှင်းဆန် နတ် လာရင် နှမ်းထောင်း၊ မြေပဲထောင်း၊ အုန်းသီး၊ ဂျင်းတို့ကို ထည့်ပီး ရောသမမွှေပါတော့။ နာနာမွှေလေ မာပြီး သမလေ ဖြစ်တာမို့ သူငယ်ချင်းတို့ရေ တစ်ယောက် တစ်လက်ပေါ့။ ပီးရင်စားလို့ရတဲ့ ထမနဲပါ။
မကြီးဒီနေ့ ထမနဲထိုးပီး ရွှေတိဂုံဘုရားကို သွားကပ်ပါတယ်။ သူငယ်ချင်းတွေကိုလည်း အ၀ (ဗိုက်ကိုပြောတာနော်......... )ကျွေးပါတယ်။ Blog ကို လာလည်ကြတဲ့ သူငယ်ချင်းတွေလဲ စားကြပါဦး........ ဖိတ်ခေါ်ပါတယ်.........
Tuesday, February 5, 2008
မျှဝေလိုက်ပါတယ်
မကြီးငယ်ငယ်က (၂တန်းလောက်ကတည်းက) မကြီးတို့ကို အမေကြီး (အဖွား)ကနေ သမ္ဗုဒ္ဓေဘုရားရှိခိုးကို နှုတ်တိုက် ချပေးပြီး နေ့တိုင်း ရွတ်ခိုင်းခဲ့တယ်။ ၅တန်းနှစ် နွေရာသီမှာ သမ္ဗူဒ္ဓေဘုရားရှိခိုးရဲ့ အနက်အဓိပ္ပါယ်ကို နှုတ်တိုက် ချပေးပြီး ရွတ်ခိုင်းခဲ့တယ်။ သမ္ဗုဒ္ဓေဘုရားရှိခိုးရဲ့ ဖြစ်တည်လာပုံ ကလေးကိုလည်း ပြော ပြောပြတယ်။ မကြီး မှတ်မိနေတဲ့ သမ္ဗုဒ္ဓေဘုရားရှိခိုးရဲ့ အကြောင်းကလေးကို သူငယ်ချင်းတို့လည်း သိရအောင် မှတ်မိသမျှလေးကို မျှဝေလိုက်ပါတယ်။ ဘုရားရှိခိုး အမျိုးမျိုးမှာ သမ္ဗူဒ္ဓေဘုရားရှိခိုးဟာ ငါးသိန်းတစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်တို့အား ရှိခိုးထားခြင်းဖြစ်လို့ အလွန်ထူးခြားတဲ့ တစ်ခုတည်းသော ဘုရားရှိခိုးဖြစ်ပါတယ်။ အခုတော့ သမ္ဗူဒ္ဓေဘုရားရှိခိုး (၅)မျိုး ကို ဒီနေရာကနေယူနိုင်ပါတယ်။
အဆူဆူသော ဘုရားရှင်အရေအတွက်ကို ဖော်ညွှန်းရာမှာ ယခုပွင့်ခဲ့ပြီးသော ဂေါတမမြတ်စွာဘုရား အလောင်းတော်ကြီးဟာ စိတ်ဖြင့်ဆုတောင်းခဲ့သော ခုနှစ်သင်္ချေသောကာလမှာ ပွင့်တော်မူကြကုန်သော သုံးသိန်းရှစ်သောင်း ခုနှစ်ထောင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့အား၎င်း၊ နှုတ်ဖြင့် ဖွင်ဟမြွက်ဆို ဆုတောင်း ခဲ့သည့် ကိုးသင်္ချေသော ကာလအတွင်း ပွင့်တော်မူခဲ့ကြကုန်သော တစ်သိန်းနှစ်သောင်း ငါးထောင် ကုန်သော ဘုရားရှင်တို့အား၎င်း၊ ကိုယ်ရော နှုတ်ပါ ပါရမီဖြည့်ခဲ့သည့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်း အလောင်းတော်ကြီးကိုယ်တိုင် တွေ့ကြုံဖူးမြော်ခဲ့ရသည့် နှစ်ဆယ့်ခုနှစ်ဆူ ကုန်သော မြတ်စွာဘုရား အဆူဆူ တို့ကို၎င်း၊ စုပေါင်းလိုက်လျှင် အသင်္ချေအားဖြင့် (၅၁၂၀၂၇) ဆူကုန်သော အရေအတွက်ကို ရသည် ဖြစ်ရာ ဂေါတမမြတ်စွာဘုရားကိုပါ ဖြည့်စွက် စုပေါင်းသဖြင့် (၅၁၂၀၂၈) ဆူဟူ၍ ဖြစ်လာရကြောင်း သိခဲ့ရပါတယ်။
သမ္ဗူဒ္ဓေဘုရားရှိခိုးကို ပုဂံခေတ် ”တထာ ဂတုပ္ပတ္တိ” ဗုဒ္ဓ၀င်ကျမ်းပြု ”အရှင်ဉာဏဂမ္ဘီမထေရ်” မြတ်က ရေးသား ဖွဲ့သီတော် မူခဲ့တယ်လို့လဲ သိခဲ့ရပါတယ်။
”သမ္ဗူဒ္ဓေ အဌ၀ိသဉ္စ… ”အစချီသော ပထမဂါထာတော်မှာ ဘုရားအလောင်းတော် ဘုရားဖြစ်ရန် ပါရမီဖြည့်စဉ် ပွင့်တော် မူသွားသော ငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့ကို သင်္ချာပြကာ ရေတွက်၍ ရှိခိုးသော ဂါထာဖြစ်ပါသည်။
”အပကာ ၀ါလုကာ ဂင်္ဂါ …..” အစချီသော ဒုတိယဂါထာတော်မှာ ဘုရားအလောင်းတော် ဘုရားဖြစ်ရန် စိတ်ဖြင့် ကြံစည်တောင့်တစဉ် ပွင့်တော်မူသွားသော ဘုရားရှင်တို့ကို သင်္ချာ ရေတွက်ပြခြင်းမပြုဘဲ အားလုံးခြုံကာ ရှိခိုပြီးလျှင် ထိုဘုရားရှင်တို့၏ တရား၊ သံဃာတို့ကိုပါ ရှိခိုးသော ဂါထာဖြစ်သည်။
”နမက္ကာရနုဘာဝေန ဟိတွာ……..” အစချီသော တတိယဂါထာတော်မှာ ထိုဘုရား၊ တရား၊ သံဃာတို့အား ရှိခိုးသူတို့၏ အာသီသ (မျှော်လင့်တောင့်တချက်) ကိုပြသော ဂါထာဖြစ်သည်။ တစ်နည်းအားဖြင့် ထိုဘုရားရှင်တို့နှင့် တရား၊ သံဃာတို့၏ တန်ခိုးအာနုဘော် ထက်မြက် ကြီးမားကြောင်းကို သွယ်ဝိုက်သော အားဖြင့် ဖေါ်ပြသော ဂါထာဖြစ်သည်။
အားလုံးခြုံလိုက်ပါက ဘုရားရှင်အနန္တ၊ တရားတော်အနန္တ၊ သံဃာတော်အနန္တတို့၏ ဂုဏ်တော်တို့ကို ရည်ညွှန်းလေးမြတ်ကာ ရှိခိုးသော ဂါထာများပင်ဖြစ်ပါတယ်။ ဒါကြောင့်မို့ အနှစ်သာရ အလွန်ပြည့်ဝပြီး သဘာဝယုတ္တိလည်း ရှိလှပါတယ်။ ဒါ့အပြင် ဘုရားဟောပါဠိတော်များနှင့် ၎င်းတို့ရဲ့ အဖွင့် အဋ္ဌကထာတို့ကို မှီငြမ်းကာ ဖြစ်ပေါ်လာသော ဂါထာများဖြစ်လို့ သာဓကယုတ္တိလည်း ရှိလှပါသည်။ ထို့ကြောင့် သမ္ဗူဒ္ဓေ ဂါထာတော်မြတ်ကိုကား ယုံကြည်စွာဖြင့် အလွန်ပင် လေးစားထိုက်၊ မြတ်နိုးထိုက်၊ ရွတ်ဖတ်ထိုက်လှပေသည်။
သမ္ဗူဒ္ဓေဂါထာ ရွတ်ဖတ်ပူဇော်နည်း
၁။ ကွမ်းဝါးသော် ရ-ခေါက်
၂။ ခေါင်းလျှော်သော် ၁၀-ခေါက်
၃။ ထမင်းစားသော် ၃-ခေါက်
၎။ အုန်းဆီလိမ်းသော် ၅-ခေါက်
၅။ ရေကြောင်းခရီးသွားသော် ၈-ခေါက်
၆။ ပန်းပန်သော် ၉-ခေါက်
၇။ အိပ်ရာဝင်သော် ၉-ခေါက်
၈။ ရန်သူနဲ့တွေ့သော် ၁၁-ခေါက်
၉။ စစ်တိုက်သော် ၉-ခေါက်
၁၀။ သန္ဓေဖွားခက်သော် ၉-ခေါက်
၁၁။ ခရီးသွားသော် ၂-ခေါက်
၁၂။ အကျဉ်းကျသော် ၁၀၀၀-ခေါက်
နေ့တိုင်းရွတ်ဖတ်လျှင် ရရှိသောအကျိုး……. ဘေးရန်ကင်းစင်ခြင်း၊ လာဘ်ပေါများခြင်း၊ ဘုန်းတန်ခိုး အာဏာကြီးမားခြင်း၊ ကျော်စောခြင်း၊ တင့်တယ်ခြင်း၊ ချစ်သူခင်သူ ပေါများခြင်း တို့ဖြစ်ပါသည်။ သူငယ်ချင်းတို့ တစ်တွေလည်း ရွတ်ဖတ်နိုင်ကြပါစေ။
Monday, February 4, 2008
အသက်ရှည်ကြောင်း
ရိုးရိုးသားသား ဖိုးသခွားလို့
လူတိုင်းက ထင်ကြ မြင်ကြ သတ်မှတ်ကြတယ်။
ကိုယ့်ဘက်က အပေါင်းသင်းတစ်ယောက်လို
သတ်မှတ်ကာ ရိုးသားစွာဖြင့်
သန့်ရှင်းစွာ နေခဲ့တယ်။
သူ့ဘက်က အသဲအသံ ခဲမှန်ပြီး
ချစ်ပါတယ်ဆိုတဲ့အကြောင်းကို
ဖွင့်ပြောပြတယ် အားလုံးကို
ကိုယ်က လွဲရင်ပေါ့။
ကိုယ်ပြန်ကြားတော့ရော ဘာလုပ်ရမှာလဲ
ကိုယ့်ကို လာမပြောတဲ့ စကား
ကိုယ့်ဦးနှောက်ထဲကို နေရာအရှုတ်ခံလို့
ထည့်ထားစရာလား။
နှစ်တွေကြာသွားတော့ စိတ်တွေပြောင်းသွားပီး
နောက်တစ်ယောက်ကို အရူးအမူး
ရင်နင့်အောင် ချစ်ပါတယ်ဆိုတဲ့အကြောင်း
ကိုယ့်ရှေ့မှာ ထိုင်ညည်းပြတော့
ကိုယ်ဟာ အပေါင်းအသင်းကောင်းတစ်ယောက်အနေနဲ့
အကြံဥာဏ်တွေ ပေးခဲ့သေးတယ်။
ဒါပေမဲ့ ကိုယ့်ကွယ်ရာမှာ
"ရှပ်အင်္ကျီကိုဝတ် ယောကျာ်းလေးတွေနဲ့ ပေါင်းပီး
ယောကျာ်းလေးတွေကို အထင်မကြီးတဲ့ တစ်ယောက်" ဆိုပီး
အပြောခံလိုက်ရတယ်။
ကိုယ့်ဘာသာ နေတဲ့သူ
ဘာမှကို မလုပ်ရဘဲ
သတ္တိမရှိဘဲ ကွယ်ရာမှာ
ဘာဖြစ်လို့ခဏခဏ ပြောချင်တာလဲဆိုပီး
ဟား တိုက်လို့သာ ရယ်လိုက်တော့တယ်။
မင်း နှင့် ငါ
မင်းရဲ့မျက်ဝန်းကို ငါသိတယ်။
ဖြူစင်တဲ့ စကားလုံးတွေပြောနေတဲ့
မင်းရဲ့နှုတ်ခမ်းကို ငါသိတယ်။
ဖြူစင်တဲ့ ဆက်ဆံမှုတွေရှိနေတဲ့
မင်းရဲ့အမူအယာတွေကို ငါသိတယ်။
ဒီအဖြူထည်လေးကိုဘဲ
လေးစားတန်ဘိုးထားပီး
ငါ တစ်သက်လုံးသိမ်းထားမယ်ဆိုတာ
မင်းသိတယ်။