Wednesday, February 4, 2009

အညာ ချဉ်ရေဟင်း



















ပါချူးတို့ အညာတစ်ဝိုက်မှာ ဒီအချိန်ဆို နီနီရဲရဲ ပင်လုံးကြွတ် ပွင့်နေတာကို တွေ့လိုက်ရင် လက်ပံပင်တွေလားလို့ ကြည့်ရတာ အမောပါ။ တစ်ပင်လုံးတော့ နီရဲနေတာပဲ အနားကပ်ပြီး ကြည့်လိုက်မှ ပေါက်ပင် ဖြစ်နေပါတယ်။ အော်........ နွေဦးရဲ့ အစကို ရောက်လာပါပေါ့လား။ ဘယ်နေရာကိုပဲ ကြည့်လိုက် ကြည့်လိုက် ပေါက်ပန်းတွေ နီရဲရဲက နေရာယူထားကြတယ်လေ။ လက်ပံပင်တွေကလည်း ပေါက်ပင်တွေနဲ့ အတူ အပြိုင်ပွင့်နိုင်ဖို့ အဖူးလေးတွေ စီရီပြီး ရှိနေကြပြီ။ တစ်ချို့ အပင်တွေကလည်း အားကျမခံ ကြိုးကြား ပွင့်နေကြပြီပေါ့။ နွေသရုပ်ကို အပီအပြင် ဖေါ်နိုင်ဖို့ အားခဲနေကြပြီလေ။
လက်ပံပွင့်ကို ပါချူး ကြိုက်တယ်။ လက်ပံပွင့်ခြောက်ကို ခရမ်းသီးချောက်နဲ့ ရောချက်တာ၊ ကျိုင်းတုံ မုံ့ဟင်းခါးထဲ ထည့်ချက်တာ၊ ချဉ်ရေဟင်းထဲ ထည့်ချက်တာတွေ အမျိုးစုံ လုပ်စားဖြစ်တယ်။ လက်ပံပွင့်ခြောက်ရဲ့ အနံ့ကို ပါချူးစိတ်ထဲမှာ မွှေးတယ်လို့ ထင်တယ်လေ။ လက်ပံပွင့်ခြောက်မှာ ဦးထုတ်လို့ ခေါ်တဲ့ အပေါ်က ပွင့်ဖတ် အမာလေးကို ပိုကြိုက်တယ်။
ပါချူး ဒီနေ့ဟင်းချက်တဲ့ထဲမှာ လက်ပံခေါင်း၊ ချဉ်ပေါင်ရွက်၊ ဒန့်သလွန်သီး ချဉ်ရေလေး ချက်ဖြစ်တယ်။ တောခရမ်းချဉ်သီးလေး၊ ငပိလေးနဲ့ ချက်တာ မြိန်လှတဲ့ ချဉ်ရေဟင်း တစ်ခွက်ပေါ့ကွယ်။ အညာဟင်းလေး အမှတ်တရ မျှဝေလိုက်တယ်နော်.............

4 comments:

အောင်မြေ said...

ဓနုဖြူ ဒေါ်စောရီ မြန်မာထမင်းဆိုင် များရောက်နေသလား အောက်မေ့ မိပါတယ်။

Welcome said...

သောက်ကောင်းမယ့် ချဉ်ရည်ဟင်းချို ပါပဲ။

Welcome said...

အစ်မ၊ မြန်မာ့ဆက်သွယ်ရေးက ပိတ်ထားရင် F5 နဲ့ refresh ၄-၅ခါ လောက်လုပ်ပေးလိုက်ရင် ၀က်ဘ်ဆိုက်ထဲကို ၀င်နိုင်ပါတယ်။ ကျွန်တော်လည်း ဒီလိုပဲ လုပ်စားနေကြပါ။

Anonymous said...

ချဉ်ရေကိုကြည့်ပြီး ဗိုက်တောင် ဆာလာပြီ....