Monday, February 2, 2009

ငှက်ပျောဖူးသုတ်


















သူငယ်ချင်းတို့ရေ..........
ငှက်ပျောဖူးလေးပါ။ ငှက်ပျောသီး အကုန်ထွက်ပြီး နောက်ထပ် အသီး မကျန်တော့တဲ့ အချိန်ဖြစ်ပါတယ်။ ဒီပုံလေးကို တွေ့လိုက်တော့ ငယ်ငယ်က စားခဲ့ရတဲ့ ငှက်ပျောဖူးသုတ် ကလေးကို သတိရမိတယ်။ ငှက်ပျောဖူးကို ချိုးယူပြီး သုတ်စားကြ၊ ချက်စားကြပါတယ်။ ပါချူးကတော့ သုတ်စားဖြစ်ပါတယ်။ ငှက်ပျောဖူးသုတ်ကလေးကို ပြောပြမယ်နော်..................

ငှက်ပျောဖူးကို အခွံရင့်တွေ ကုန်အောင် ဖယ်လိုက်ပါ။ အတွင်းခွံနုတဲ့ အပိုင်းကျန်ရင် အဖူးကန့်လန့် ပါးပါး လှီးလိုက်ပါ။ အကွင်း အကွင်း ကလေးတွေ ရပါမယ်။ ရေနွေး ပွက်ပွက်ဆူ ထဲကို ထည့်ပြုတ် လိုက်ပါ။ အဖတ်ကလေးတွေ အိလာပြီဆို ဆယ်ပြီး ရေကုန်အောင် ညှစ်ထုတ် ပစ်လိုက်ပါ။ ဆီချက်၊ ဆား၊ သံပုရာသီး၊ မြေပဲဆံထောင်းတို့နဲ့ သုတ်စားလို့ ရပါပြီ။

ပါချူးတို့ ငယ်ငယ်ကတော့ အမေကြီး သုတ်ကြွေးတဲ့ ငှက်ပျောဖူး အစိမ်းသုတ်ကို စားခဲ့ရပါတယ်။ လှီးထားတဲ့ ငှက်ပျောဖူးတွေကို ဆားနဲ့နယ် အဖန်ရည်တွေ ညှစ်ထုတ် ပစ်ရပါတယ်။ နောက် ရေစင်စင်ဆေးပြီး ဆီချက်၊ မြေပဲဆံထောင်းနဲ့ သုတ်ပါတယ်။ အချဉ်သုတ်အတွက် စောင်းယားသီး (ဇောင်းရားသီး)ကို လှီးပြီး ငှက်ပျောဖူးဖတ်တွေနဲ့ နယ်ထားပါတယ်။ ညနေမှာ သုတ်မယ်ဆို မနက်ပိုင်းမှာ နယ်ထားရင် ရပါတယ်။ အခုနေ အမေကြီး ရှိသေးတယ်ဆိုရင် ပါချူးတို့ကို သုတ်ကြွေးဦးမယ်ထင်တယ်။ လွမ်းတယ် အမေကြီးရယ်……..

4 comments:

Welcome said...

ရှမ်းပြည်မှာတော့ ရှမ်းဟင်းထုတ်ကို ကြက်သွန်မြိတ်နဲ့ ထုတ်တာထက်
ဒီ ငှက်ပျောဖူးနဲ့ ထုတ်စားရင် ပိုအရသာ ထူးကဲ ပါတယ်။ အစ်မပြောတဲ့ ဗမာသုတ်ကိုတော့ မစားဖူးသေးပါဘူး။ အိမ်ကို ဂျီကျတော့လည်း (သိဘူး)တဲ့ဗျ .. ..

PARCHUU said...

မကြီးနဲ့ နီးရင်တော့ သုတ်ကြွေးပါတယ်။ သုတ်စားကြည့်ပါလား ဘာမှ မခဲယဉ်းဘူးလေ။

Anonymous said...

မကြီး ပြောလို့ သုတ်စားကြည့်မယ်.။ မကောင်းမှာ စိုးရတယ်ဗျ.။ မြည်းပေးအုံးနော်.။ ဘာလိုလဲဆိုတာကို.။

magyi-parchuu said...

အိုကေ အိုကေ...... ကျားလေးရေ မကြီး မြည်းပေးမှာပေါ့။