Monday, March 23, 2009

ပို့မေတ္တာ











အနတ္တနှင့် အရိပ်
မောင်ငယ်နှင့် ညီမငယ်
ရက်မြတ်မှာ တူလက်တွဲလို့
မင်္ဂလာ အခမ်းအနား
စီစဉ်ကာ ကျင်းပ
တူနှစ်ကိုယ် စိတ်တူမျှလို့
လက်တွဲကာ ဘ၀တစ်သက်
စိတ်ချမ်းသာ ကိုယ်ကျန်းမာစေ
ဘေးရန်အပေါင်း ဝေးကွာစေ
တစ်သက်အတူ ပေါင်းဖက်နိုင်စေ
ဆထက်ပိုလို့ အချစ်တိုးနိုင်ကြစေ
ဘ၀လမ်းခရီး ဖြောင့်ဖြူး သာယာစေ
အခက်အခဲဟူသမျှ မြူမှုံမျှလောက်
မရှိကင်းစင် အဆင်ပြေ အေးချမ်းစေကြောင်း
မကြီးမေတ္တာ ပေးဝေဖြာ၏။

Wednesday, March 18, 2009

ငိုချင်တယ်

သွားလေရာ ဟိုဒီနားမှာ
တူးပို့တဲ့ မြူးကြွသံ
ရင်ထဲထိ တိုးဝင်လာတဲ့
သင်္ကြန်ရဲ့ ရနံ့လေးကြောင့်
ပျော်ရွှင်ဘွယ် ကြည်နူးမှု
ခံစားချက်လေး လှိုက်ခနဲပျော်........
ဒါပေမဲ့လေ...............................
သင်္ကြန်ဟာ ကိုယ်နဲ့ မဆိုင်သလို
ဝေ့တက်လာတဲ့ မျက်ရည်တစ်စနဲ့
ကြေကွဲစွာ ၀မ်းနည်းမိ.................

Monday, March 16, 2009

ငယ်ငယ်တုံးက.............(7)

ကိုင်ဇာရဲ့ မိုးရွာရင် မိုရေချိုးမယ် ဆိုတဲ့ "မိုး" သီချင်း စပေါ်တဲ့ အချိန်ဟာ ပါချူး (၇)တန်းပါ။ သူငယ်ချင်း ကောင်လေး တစ်ယောက်က မိုးသီချင်းကို အတန်းထဲမှာ အော်...အော်ပြီး ဆိုတာ တော်တော် နားထောင် ကောင်းတယ်။ ငယ်ငယ် ကလေး ဘ၀က မိုးရွာချိန်မှာ ပါချူးတို့ အော်ဆို ခဲ့ကြတဲ့ စာပိုဒ်ကလေး ပါတာကိုး။ သူငယ်ချင်း ဆိုနေတာကို ပါချူးတို့လည်း အားကျ မခံ အော်ပြီး ဆိုချင်တာပေါ့။ ဒါနဲ့ ကက်ဆက်ရှိတဲ့ သူငယ်ချင်း တစ်ယောက်ကို အိမ်ကနေ သီချင်း စာသား အကူးခိုင်းပြီး ကျောင်းကို ယူလာခိုင်းတယ်။ နေ့လည် အတန်းနားချိန်ဆို ပါချူးတို့ သူငယ်ချင်း တစ်စုက သီချင်း ကျက်ကြတယ်။ အော်ပြီးတော့ကို ကျက်တာ။ ဆရာ ဆရာမ တွေက အတန်းထဲမှာ ဆူနေလို့ ဘာဖြစ်လို့လဲ ဆိုပြီး လာကြည့်ရင် သီချင်း ကျက်နေတာကို တွေ့တော့ အဆူမခံရတဲ့ အပြင် ရယ်ပြုံးသွားကြသေးတယ်။ တန်းလုံးကြွတ် ပေါက်တတ်ကရ လုပ်မိတဲ့ နှစ်ကလေးပေါ့။
ပါချူးတို့ အတန်းပိုင် ဆရာမက တစ်တန်းလုံးကို သစ်ပင် အစိုက်ခိုင်းတယ်။ ကိုယ့်အိမ်ကနေ သစ်ပင် တစ်ပင်စီ ယူလာခိုင်းပြီး အတန်းရဲ့ နောက်ဖေး မြေကွက်လပ်မှာ စိုက်ကြရတယ်။ ငှက်ပျောပင် အများဆုံး ပါတယ်။ သစ်ပင် စိုက်ပီးရင် အသင်း အလိုက် ရေလောင်း ကြရတယ်။ စုပေါင်းပြီး လုပ်တတ်တဲ့ အကျင့်လေး ရသွားအောင် လုပ်ပေးတာပါ။ ကိုယ်စိုက်ထားတဲ့ အပင် ကလေးတွေကို အရိပ်တကြည့်ကြည့်နဲ့ ရေလောင်း ပေါင်းသင် ပေးနေရာက ဖူးပွင့် လာကြပြီဆို မိမိကိုယ်တိုင် ကြည်နူးမိတာ အရင်ပါ။ ဒါကြောင့်မို့ ပါချူး ရောက်တဲ့ နေရာတိုင်းမှာ သစ်ပင် စိုက်ပါတယ်။ စိုက်စရာ မြေမရှိရင် ပန်းအိုးထဲကို မြေထည့်ပြီး ပန်းပင်တစ်ခုတော့ စိုက်ဖြစ်တာပါပဲ။ ဆရာမကို အထူး ကျေးဇူး တင်နေမိတာ အခုချိန်ထိပါ။
ပါချူးက ပြိုင်ပွဲဝင် အားကစားသာ မရတာ ပေါက်တတ်ကရ ဆော့တာတော့ ထိပ်ကပဲ။ သူငယ်ချင်း တစ်စု ကြိုးတစ်ချောင်း စုဝယ်ပြီး ကြိုးခုန်တန်း ကစားကြပါတယ်။ ကြိုးစ နှစ်ခုကို နှစ်ယောက်က ကိုင်ပြီး ရန်းရပါတယ်။ ကျန်တဲ့သူတွေက ရန်းနေတဲ့ ကြိုးထဲကို ၀င်ပြီး ခုန်ကြရပါတယ်။ ကြိုးနဲ့ ထိသွားရင် အဲဒီလူက ကြိုးရန်းပေးရပါတယ်။ ဖုန်လုံးတွေ တလိပ်လိပ် ခြွေးတွေ တရွှဲရွှဲနဲ့ ဆော့ရတာကို ပင်ပန်းတယ် မထင်ပဲ တစ်တန်းလုံး ပျော်ခဲ့ ကြတာတွေကို အခုချိန်ထိ မှတ်မိ နေပါသေးတယ်။
ပါချူး ကြီးလာတော့မှ စဉ်းစားမိတာက ငယ်ငယ်က အဖြစ်အပျက် ကလေးတွေဟာ ပါချူးတို့ ဘ၀အတွက် လူအများနဲ့ စုပေါင်း လုပ်တတ်အောင်။ လူအများကို ဆက်ဆံ တတ်လာအောင်။ အများစု ဆိုတဲ့ အထဲမှာ ကိုယ် ပါဝင်နိုင်ဘို့ရန် အတွက် အစပျိုးခဲ့တဲ့ အခြေခံ လေးတွေ ပါလားလို့ သိလာရတယ်။ သိလာတာနဲ့ အမျှ လမ်းကြောင်း အစပျိုး ပေးခဲ့တဲ့ ဆရာ/ဆရာမ တွေကိုလည်း ကျေးဇူး အထပ်ထပ် တင်ရင်း ဦးခိုက် ရှိခိုး မိပါတော့တယ်။

Sunday, March 15, 2009

မျှော်မိတယ်

ပန်းပိတောက်တွေ ရွှေရည်လူး
ပွင့်ဖူးတဲ့ ဒီအချိန်ဆို
ရောက်လာလေမလား နှစ်စဉ်တိုင်း
မျှော်မိတဲ့ ဒီအကျင့်လေးကို
တမ်းတမြတ်နိုး သိမ်းထားမိတာ
ခုချိန်ထိပေါ့ .....။

တကူကူးတဲ့ ဥသြငယ်
လွမ်းနေသူ ထပ်ဆင့်လို့
နှစ်ဦးရဲ့ အစတနွေ
ရောက်ပြန်ပြီ တစ်ပါတ်လည်ပေါ့
တမ်းတသူ ပြန်လာမလား
နွေရောက်တိုင်း မျှော်လင့်မိတာ
ခုချိန်ထိပေါ့ ......။

ရော်ရွက်တို့ မြေမှာခ
ဖူးငုံရန် အားမာန်တင်းလို့
တိုးထွက်ဖို့ အားယူချိန်
စောင့်မျှော်မိ နှစ်စဉ်နှစ်တိုင်း
ဆန္ဒရယ် မပြည့်သေးတာ
ခုချိန်ထိပေါ့ ......။

Saturday, February 28, 2009

အစမ်းသပ်ခံ

ကိုယ်မပြောလည်း သူ့အတွက်တက်လမ်းရှိရင်
ဘယ်သူသေသေ ငတေမာပီးရော
နှုတ်ထွက်ကယ် စည်းမစောင့်
ပြောဘို့ရာ ၀န်မလေးသူ။

ကိုယ့်အမှားကို သူများသိရင်
အထင်သေးမှာ စိုးရိမ်စိတ်နဲ့
အနားမရှိသူ အမှားဖြစ်အောင်
ပါးစပ်က ပြောလိုက်ရမှ
နေသာထိုင်သာ ရှိနေသလား။

ဘယ်အရာမဆို လုပ်သင့်မလုပ်သင့်
ဦးနှောက်မှာ မစဉ်းစားနိုင်
ကိုယ့်အရေး ရှေ့တန်းတင်
အတ္တရယ် ကြီးလွန်းနေ။

သို့ပေမဲ့လည်း.....
ခဏတာ တွေ့သူကို
ရွှန်းရွှန်းဝေ နှုတ်ထွက်စကား
တွေ့လိုက်ရင် သဘောကောင်း
မနောကောင်းယောင် မျှတသူ
အရေခြုံ ဖုံးလွှမ်းထား
အပေါ်ယံ ဝေဆာနေသူ။

လူဘ၀ ခဏတာ
အချိန်တိုတွင်း ဒီဇတ်ရှုတ်ကို
ကြုံတွေ့နေရ ပတ်ဝန်းကျင်မှာ
သဘာဝ လောကကြီးက
ခံနိုင်ရည် ဘယ်လောက်ရှိလဲ
အချိန်ပေး စမ်းသပ်နေလား။

Thursday, February 26, 2009

အညာအလွမ်း

လေရူးသုန် ညနေခင်းမှာ

မိုးမှောင်ခါ လေတိုက်လိုက်တော့

ဖုန်လုံးတွေ တလိပ်လိပ်ပြေးလာ

တို့အညာ သင်္ကေတ။


ရော်ရွက်ဝါ တမာပင်မှ

ရွက်ကြွေခါ မြေမှာခပြန်တော့

နွေဦးသရုပ် ပီပြင်လှတဲ့

တို့အညာ ရှုခင်း။


ကူချွဲတဲ့ ဥသြပျို

အဆွေးပေါ် အလွမ်းဆင့်လို့

တို့အညာ ပြန်ချင်တယ်လှအောင်

လွမ်းပြတယ်လေး။

Sunday, February 22, 2009

ရည်မှန်း

ကြည်လင်ဝင်းပ

လမင်းငယ်ကို

မင်းကြည့်နေလား

အတွေးမှတ်နဲ့

ငါလည်း ကြည့်မိနေတော့တယ်…….

ကောင်းကင်တစ်ခုလုံး

မှတ်တုတ်ကြယ်ငယ်

မြောက်များစွာမှ

ဘယ်ကြယ်ကိုများ

မင်းကြည့်နေလဲ

အတွေးမှတ်နဲ့

ငါလည်း ကြည့်မိနေတော့တယ်……..

မိုးသားတိမ်လိပ်

မဲမှောင်ကျတဲ့

ဒီတစ်ညတော့

လွမ်းမောကင်းစွာ

နှစ်ချိုက်အိပ်မော

နားစက်ပါရစေ……

Saturday, February 21, 2009

အတိတ်ခြေရာ

ကုက္ကို စိန်ပန်း အေးမြအုပ်ဆိုင်း
ပြေးလွှားပျော်ပါး ဆော့ကစားပြီး
ပညာနို့ရည် သောက်ခဲ့ရတဲ့
တို့ကျောင်းတော်ကြီး။

ဂစ်တာတီးပြီး သီချင်းဆိုရာ
ကန်ရေဖွေးဖွေး အေးအေးလေးမှာ
ထိုင်ခဲ့ကြတဲ့ လှေခါးထစ်လေး။

နေ့လည်နေ့ခင်း သူငယ်ချင်းအပေါင်း
ရှေ့ရေးတိုင်ပင် နှီးနှောဖလှယ်
ထွေလာလေးပါး စပ်စုနေရာ
ဆုံခဲ့ကြတဲ့ လဘက်ရည်ဆိုင်လေး။

အညာတစ်ခေါက် အလည်ရောက်တော့
တို့သူငယ်ချင်း အပေါင်းဆုံရာ
ခြေရာလေးတွေ သွားကောက်မိခဲ့။

အော်........... အခုတော့လည်း
မတွေ့တာကြာတဲ့ သူငယ်ချင်းတို့
သားသမီးအတွက် အလုပ်ရှုတ်နေလား
စီးပွားရေရော အဆင်ပြေရဲ့လား
ဘယ်မှာရောက်လို့ ဘယ်လိုနေလဲ
မျှော်မှန်းတမ်းတ ဆန္ဒပြုမိ
အားလုံး အဆင်ပြေ
အေးချမ်းကြပါစေ.............။