Tuesday, December 18, 2007


ပဲခူးအိမ်ကအဖွဲ့တွေနဲ့ မကြီး ကျိုက်ထီးရိုးဘုရားကို သွားဖူးဖြစ်တယ်။ ဦးလေး၊ အန်တီ၊ ညီမတွေ၊ မတ်တွေ၊ တူ၊ တူမတစ်တွေ စုစုပေါင်း (၁၈)ယောက်ရှိတယ်။ တစ်ပျော်တစ်ပါးကြီးဘဲ၊ ပဲခူးအိမ်ကနေ မနက် ၃ နာရီထပီး အိတ်တွေထဲ အ၀တ်တွေထဲ့ စောင်တွေထဲ့၊ တစ်ချို့က စားစရာ ထမင်း၊ ရေ၊ အကြော်အလှော်၊ လဘက်၊ မုန့်၊ လိမ္မော်သီးထဲ့နဲ့ ရှုတ်ရှက်ခတ်နေတာဘဲ၊ ကလေးတွေကလည်း သွားရမယ် ဆိုပီး ပျော်လွန်းလို့ ခုန်ပေါက်နေတာ တွေကို လိုက်ထိမ်းနေရ သေးတယ်။ အိမ်ရှိလူကုန် ထွက်တာဆိုတော့ အိမ်စောင့်ထားခဲ့ ရမဲ့သူကိုလည်း ကားနဲ့ သွားခေါ်ရသေးတယ် အလုပ်တွေကို လူကုန်ရှုတ်နေတာဘဲ။ ဒီအထဲက တူမလေး (၂) ယောက်က နေမကောင်း လို့ မလိုက်ရဘူး သူ့အမေနဲ့ နေခဲ့ရသေးတယ်။
မနက် (၇)နာရီမှာ အိမ်ကနေကားထွက်ဖြစ်တယ်၊ ဦးဦး၊ အန်တီ၊ ညီမမိသားစု၊ မတ်လေးတစ်ယောက်က ကားတစ်စီး၊ မကြီးနှင့် ကျန်တဲ့ ညီမတွေ၊ တူ၊ တူမတွေ မတ်တွေနဲ့က ကားတစ်စီး ထွက်ကြတယ်၊ မကြီးတို့ကားက ကလေးတွေချည်းဘဲ ဆိုတော့ ပျော်စရာတော်တော် ကောင်းတယ်။ ဗိုက်ဆာလို့အော်နေကြတာနဲ့ ဝေါရောက် တော့ ဆိုင်တစ်ခုမှာဝင်ပီး ဗိုက်ဖြည့် ကြတယ်။ ၀က်ဝက်ကွဲဘဲ တစ်ယောက်တစ်မျိုးမက နှစ်မျိုးလောက်ဆိုတော့ ဆိုင်အလုပ်သမားကလေး တွေတောင် မျက်စေ့လည်ကြတယ်။
ကင်မွန်းစခန်းကို ရောက်တော့ (၁၁)နာရီထိုးနေဘီလေ။ နေပူနေတာနဲ့ ဘယ်သူမှ ခြေလျှင်မတက်နိုင်ကြတော့ဘူး ကားနဲ့ ကျိုက်ထီးရိုးရင်ပြင်ပေါ်ထိတက် ကြတယ်။

No comments: