Monday, March 31, 2008

ငယ်ငယ်တုံးက.............(၂)

မကြီး ကျောင်းစနေတော့ အပျော် သူငယ်တန်းကို မနေလိုက်ရဘူး။ သူငယ်တန်းကြီး ကနေ စပီး နေရတယ်။ ဘုတလင်မြို့က အထက်တန်း ကျောင်းမှာဘဲ စတက်တာလေ။ တစ်မြို့လုံးလည်း ဒီတစ်ကျောင်းဘဲ ရှိတာ (ဟီး.... ကြွားတာ)။ မြို့နားလေးက ရွာတွေမှာလဲ မူလတန်းကျောင်း တွေရှိတယ် မကြီးတို့ငယ်ငယ်က နာမည်အကြီးဆုံး ကျောင်းက မြောက်ကြည်ရွာ က မူလတန်းကျောင်းပါ။

မေမေက ကျောင်းအပ်ဖို့ ကျောက်သင်ပုန်း တစ်ချပ်နဲ့ ကျောက်တန် နှစ်ချောင်းကို လွယ်အိတ်ကလေးထဲကို ထဲ့ပေးပီး လွယ်လာပေးပြီး ကျောင်းကို လိုက်လာတယ်။ ကျောင်းအပ်ပီး မကြီးထိုင်ရမဲ့ ရှေ့ဆုံးခုံကို မေမေက လွယ်အိတ်ချပေးပီး လွယ်အိတ် မပျောက်ဘို့ မကြီးကို မှာပီး ပြန်သွားတယ်။ မကြီးလည်း လွယ်အိတ် ကလေး ကိုင်ပီး အတန်းမှာ ထိုင်နေခဲ့တာပေါ့။ မကြီးတို့ သူငယ်တန်း အတန်းပိုင် လက်ဦးဆရာက ဆရာမကြီး ဒေါ်သိန်းပါ။ ပိန်ပိန်ပါးပါး နှာတံပေါ်ပေါ် မျက်ခုံးမျက်လုံး ကောင်းတယ်။ စာကြည့်မှ မျက်မှန်တပ်တယ်။

မကြီးတို့ ခေတ်က စာရေးဘို့ ကျောက်သင်ပုန်း၊ ကျောက်တံကိုဘဲ သုံးရတာလေ။ ကျောက်ခေတ်ပေါ့ဟာ။ ဆရာမကြီး ဒေါ်သိန်းက ကျောင်သင်ပုန်းရဲ့ သစ်သား ဘောင်တွေကို နာမည်ကလေးတွေ လိုက်ရေးပေးတယ်။ တစ်ချို့က လွယ်အိတ် မပါဘူး ကျောက်သင်ပုန်းနဲ့ ကျောက်တံနဲ့ဘဲ ကိုင်လာတာ။ ဘောင်မပါတဲ့ ကျောက်သင်ပုန်းကို ကိုင်လာတဲ့သူလည်းရှိတယ်။

အဲဒီမှာ စတော့တာဘဲ........... မကြီးတို့ အတန်းထဲမှာ နှင်းမှုံ ဆိုတဲ့တစ်ယောက် ရှိတယ်။ သူကိုင်တဲ့ ကျောက်သင်ပုန်းက ဘောင်မပါဘူး။ ကျောက်သားအနက် ဘဲရှိတယ်။ စွာလဲတော်တော်စွာတယ်။ ပါးစပ်တင်မဟုတ်ဘူး လက်ပါ ပါတယ်။ သူကဘဲရန်သွားစ ပီးရင် ကျောက်သင်ပုန်းနဲ့ အရင် ခုတ်ချ လိုက်တယ်။ နေ့တိုင်း ခေါင်းပေါက် ထိပ်ပြဲတွေဖြစ်နေတယ်။ ဆရာမကြီးကလည်း ဆိုဆုံးမတယ်၊ ရိုက်တယ်။ ဒါပေမဲ့ မရဘူး။ ဆရာမတွေ လစ်ရင် လစ်သလို လုပ်နေတာ။ ဆရာမကြီးလည်း ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတယ်။

မကြီးတို့ အတန်းမှာ နှင်းမှုံ အကျယ်ခံရတဲ့သူ မရှိသလောက် ဖြစ်နေဘီ။ အားလုံးလည်း သူ့လက်ချက်ကနေ မလွတ်ဘူး။ ဒါဏ်ရာတွေ ကိုယ်စီနဲ့ ဖြစ်ကုန်ကြဘီ။ နောက်နေ့မှာ မကြီး အလှည့်ဘဲလို့ ထင်လိုက်တယ်။ ကျောင်းကို မသွားချင်ဘူး ကြောက်နေတယ်။ ကိုယ်ကလည်း မလုပ်ချင်ဘူး။ ကိုယ်အလုပ် ခံရမှာလည်း မခံချင်ဘူး။ ကျောင်းမသွားရင်လည်း မေမေကို ကြောက်လည်း ကြောက်တယ်။ ဘာလုပ်ရမှန်းလည်း မသိဘူး ဖြစ်နေတယ်။

နောက်နေ့မှာ ကြောက်ကြောက်နဲ့ ကျောင်းကို စောစောလာပီး သူငယ်ချင်းတစ်တွေကို စုလိုက်တယ်။ သူငယ်ချင်း (၆)ယောက်ရတယ်။ (၆)ယောက်ထဲက တစ်ယောက်ယောက်ကို အကျယ်ခံရရင် ကျန်တဲ့ (၅)ယောက်က ၀ိုင်းကူပေးကြေး ဆိုပီး သဘောတူ လိုက်ကြတယ်။ သွေးသောက်ဖွဲ့သလိုပေါ့။

ထင်တဲ့အတိုင်းဘဲ မကြီးတို့ထဲက တစ်ယောက်ကို နှင်းမှုံ ကျယ်တာခံရတယ်။ ခေါင်းကို ကျောက်သင်ပုန်းနဲ့ ခုတ်မလို့ ရွယ်ထားတယ်။ မကြီးတို့ သူငယ်ချင်း (၅)ယောက်က စာရေးတဲ့ ခုံတွေပေါ် တက်ပီး သူ့ကို ကျောက်သင်ပုန်း ကိုယ်စီနဲ့ ရွယ်လိုက်ကြတယ်။ နှင်းမှုံလည်း ဆက်မလုပ်ရဲ၊ မကြီးတို့ကလည်း ကျောက်သင်ပုန်းတွေ ရွယ်ထားတာကို မချရဲနဲ့ အချိန်တော်တော် ကြာသွားတယ်။ မကြီးတို့ အဖွဲ့ ဖြစ်ပျက် နေတာကို ဆရာမတွေက နေ့လည်စာ ထမင်းစားနေကြလို့ မသိကြဘူး။ ကြာလာတော့ နှင်းမှုံလည်း အော်ငိုတော့တာဘဲ။ ဒီအထိ မကြီးတို့ ရွယ်ထားတဲ့လက်က မချရဲဘူး။ ဆရာမတွေ ပြေးလာတော့မှ လက်တွေ ချလိုက်ကြတယ်။ ဆရာမတွေက စစ်ဆေးတာပေါ့။ မကြီးတို့ (၆)ယောက်လည်း တစ်ယောက်တစ်ပေါက် ဆူညံနေအောင် ပြောလိုက် ကြရတာ.... ဆရာမကြီးက အပြစ်မှ လွတ်စေတဲ့။ အဲဒီနေ့က ပျော်လိုက်ကြတာ မကြီးတို့ သူငယ်တန်းမှာ သွေးမထွက်တဲ့ နေ့ဘဲ။ ပိုပီး ပျော်စရာ ကောင်းတာက နှင်းမှုံဟာ အတန်းထဲမှာ နောက်ထပ် ဘယ်သူ့ကိုမှ မကျယ်ရဲတော့တာဘဲ။

No comments: