Tuesday, April 1, 2008

ငယ်ငယ်တုံးက.............(၃)

မကြီးပါချူးတို့ ဘုတလင်မြို့၊ အထက ကျောင်းကြီးက စာသင်ဆောင်ပေါင်း ၇ဆောင်ရှိတယ်။ ရုံးခန်းတစ်ဆောင်၊ စာကြည့်တိုက် တစ်ဆောင်ရောဆို ၁၁ဆောင်ပေါ့။ အဆောင်တွေကို ကျောင်းစည်းရိုးနား ကပ်ပီး ဆောက်ထားတာ အ၀ိုင်းလိုက်ကြီးပေါ့။ ကျောင်းဝင်းကြီး အလည်ကောင်မှာ ကုက္ကိုပင်ကြီးတွေက အောက်ခြေရှင်းပီး အပေါ်မှာ သစ်ခက်ချင်း ယှက်နေကြတာ။ နေပျောက်မထိုးဘူး အရိပ်ကောင်းတယ်။ အဲဒီကွင်းထဲမှာဘဲ ဘောလုံးကွင်း ရှိတယ်။ ဘောလုံးကွင်းထဲမှာ ထုတ်စည်းတိုးကွင်း ဖေါက်ပေးထားတယ်။ စာသင်ဆောင် အားလုံးကို ဘုတလင်မြို့က နာမည်ကျော်တွေရဲ့ နာမည်တွေကို ပေးထားတယ်။ သံချိုဆောင်၊ မြ၀တီဆောင်၊ ဗန္ဓကဆောင်၊ ဗန္ဓုလဆောင်၊ ခုံမင်းကြီးဆောင်၊ ကတ်ဆောင် (နောက်မှတိုးပီး ကပ်မိုးကပ်ကာနဲ့ ဆောက်ထားလို့ပါ)၊ ခွင့်လွှတ်ပါ နောက်တစ်ဆောင် နာမည်က မကြီးမေ့နေတယ်။ စာကြည့်တိုက် အဆောင်ကိုတော့ ဆရာတော်ဗုဓ်ဆောင် ဆိုပီး နည်မည်တွေ ပေးထားတယ်။

မကြီးတို့ ပထမတန်းက အဆောင်က သံချိုဆောင်ပါ။ တစ်ထပ်ဆောင် လှေခါး ၃ထစ်ရဲ့အောက်မှာ အုတ်ခုံတစ်ခုခံထားတယ်။ အဲဒီအုတ်ခုံဟာ မကြီးတို့ ကျောက်တံသွေးတဲ့ နေရာပေါ့။ မကြီးပါချူး ပထမတန်းမှာ အတန်းစတက်တော့ မေမေက ကျောင်းကို လိုက်မပို့တော့ဘူး။ မကြီးထက် အကြီး မမကြီးကဘဲ မကြီးနှင့် ညီမလေးကို ကျောင်းလိုက်အပ်ပေးတယ်။ အဲဒီအချိန်မှာ မမကြီးက ၅တန်းကိုရောက်နေဘီ။ မကြီးက ပထမတန်း ညီမလေးက သူငယ်တန်း။

ကျောင်းသွားရင် တစ်ပတ်မှာ ၂ခါလောက် မေမေက ဘိန်းမုန့် အကြီးကြီးတစ်ခုစီ ၀ယ်ကြွေးတယ်။ တစ်ခုကို ၂၅ပြား ပေးရတယ်။ မကြီးကြိုက်တယ်လေ။ ကျောင်းမှာဝယ်စားဘို့ မုန့်ဘိုးက တစ်ယောက်ကို ၁၀ပြားစီရတယ်။ မကြီးနှင့် အငယ်မက အဆောင်တစ်ခုတည်းမှာ တက်ရတာ။ သွားအတူ လာအတူပေါ့။ ကျောင်းဆင်းဘီဆိုရင် မကြီးက အငယ်မအတန်းကို သွားပီး ခေါ်ရတယ်။

တစ်နေ့မှာ နေ့လည် (၁၁)နာရီ ကျောင်းဆင်းတော့ လှေခါးမှာ စုပြုံတိုးဝှေ့ပီး တွန်းရင်း ထိုးရင်း ဆင်းကြ တာပေါ့။ ညီမလေးကို တစ်ယောက်က တိုးလိုက်တာ ညီမလေးက မထိမ်းနိုင်ဖြစ်ပီး အောက်ကို ကျမယ်လုပ်တာ မကြီးက လှမ်းဆွဲပီး ဖက်လိုက်တယ်။ မကြီးလဲ မထိမ်းနိုင်ဖြစ်ပီး လဲကျသွားတာ လှေခါးသုံးထစ်ရဲ့ အလယ်ထစ်မှာ မကြီးက အောက်က အငယ်မက အထက်က လဲကျသွားတယ်။ ဒါပေမဲ့ မကြီးခြေထောက်က လှေခါးဆံကြားထဲမှာ ရောက်သွားတော့ ကလန့်လိုက်သလို ဖြစ်သွားတယ်။ ဆရာမတွေလာကူပီး ဆွဲထူမှ ရတယ်။ မကြီးက ခြေထောက်နာလို့ ငိုနေတဲ့ အချိန်မှာဘဲ မေမေရောက်လာတယ်။ မကြီးခြေထောက်ကို ကြည့်ပီး သမီး ဘိန်းမုန့် သွားစားရအောင် မေမေ၀ယ်ကြွေးမယ် သွားစို့ဆိုပီး လမ်းလျှောက်ခိုင်းတယ်။ မကြီးက လမ်းလည်း မလျှောက်နိုင် ဘိန်းမုန့်လည်း စားချင် ဘယ်လိုလုပ်ရမှန်း မသိဘူး။ မေမေ့ကို သမီးမသွားနိုင်လို့ သွားဝယ်ပေးပါ ဆိုပီး ပြောရင်းနဲ့ ငိုနေတာပေါ့။ မေမေကတော့ သိလိုက်တယ် ချက်ချင်း မကြီးကိုချီပီး ဆေးရုံကို ခေါ်သွားတယ်။ ဆရာဝန်က စစ်ဆေးပီး ဓါတ်မှန်ရိုက်ယူခဲ့ဘို့ မေမေ့ကို ပြောလိုက်တယ်။ မကြီးခြေထောက် ကိုတော့ ကြပ်စီးပေးလိုက်တယ်။

မကြီးတို့ငယ်ငယ်က ဘုတလင်မြို့မှာ ဓါတ်မှန်ရိုက်တဲ့စက် မရှိသေးဘူး။ မုံရွာကိုသွားပီး ရိုက်ရတယ်။ မုံရွာ မှာလည်း ဆေးရုံကြီးမှာဘဲ ရှိတယ် အပြင်ဆေးခန်းတွေမှာ ဓါတ်မှန်ခန်းရှိသေးဘူး။ မကြီးခြေထောက်ကို ဓါတ်မှန်ရိုက် သွားမယ်ဆိုတော့ ဖေဖေကလည်းမရှိဘူး။ အိမ်ဘေးနားက အစ်မကြီး တစ်ယောက်ကို ခေါ်ပီးသွားရတယ်။ ဘုတလင်နဲ့ မုံရွာက (၂၁)မိုင်ဘဲဝေးတာ ဒါပေမဲ့ ကားကလည်းရှားတော့ မုံရွာဆေးရုံကို ညနေ ၄နာရီမှရောက်တယ်။ ရောက်ပြန်တော့လည်း မီးမလာဘူးတဲ့ ဓါတ်မှန်က ရိုက်လို့မရသေးဘူး။ ည(၈)နာရီမှ မီးကလာမယ်ဆိုတော့ မီးလာအောင် စောင့်ရုံဘဲ ရှိတော့တာပေါ့။ မကြီး ရေဆာလာတာနဲ့ မေမေက ရေနွေးတောင်းပေးတယ် ပူလို့ မသောက်နိုင်တာနဲ့ မသောက်ဘဲ ရေငတ်ဘဲ ခံလိုက်တယ်။ ည(၈)နာရီထိုးတော့ မီးလာတာနဲ့ ဓါတ်မှန်ရိုက်တယ်။ ပီးတော့ ဘုတလင်ကို ပြန်ဘို့ရာ ကားမရှိတော့တာနဲ့ မေမေ့သူငယ်ချင်းအိမ်ကို သွားအိပ်ကြရတယ်။ ည(၁၀)နာရီတောင် ထိုးပီးဘီ။ ဆိုင်ကနေ ခေါက်ဆွဲကြော်နှစ်ထုတ် မေမေက ၀ယ်လာပီး ညနေစာ ဖြေရှင်းကြတယ်။ မစားနိုင်ကြဘူး အထုတ်အတိုင်းဘဲ လွှင့်ပြစ်လိုက်ရတယ်။ နောက်နေ့ မနက်စောစော အိပ်ရာကထပီး ဘုတလင်ကို ပြန်လာကြတယ်။ မကြီးမှာ ပင်ပန်းလိုက်တာ မေမေဆို စိတ်ရော လူရော ပိုပင်ပန်းတာပေါ့။

မေမေက မကြီးခြေထောက်ကျိုးတဲ့ ဓါတ်မှန်ကို ဆရာဝန်ကိုပြတော့ ဆရာဝန်က မယုံနိုင်ဘူးဖြစ်နေတယ်။ မကြီးခြေထောက် (ညိုသကြီးရိုး)က တည့်မကျိုးဘဲ တစောင်းကျိုးလို့လေ။ သူတို့လည်း တစ်ခါမှ မကြုံဘူးလို့ပါတဲ့ ဓါတ်မှန်ရိုက်တဲ့အချိန်တုံးက မကြီးများ ခြေထောက်ကို လှုတ်လို့လားဆိုပီး မေးတယ်။ နော်တစ်ခါပြန်ရိုက်ရတယ် ဒီတစ်ခါတော့ ဆရာဝန်ကြီးက သူကိုယ်တိုင်လိုက်လာပီး ဆေးရုံကားနဲ့ဆိုတော့ မကြီးလည်း သက်သာတောပေါ့ အဲဒီရက်က ဖေဖေလည်း ရောက်နေဘီ။ ဓါတ်မှန်ပြန်ရိုက်တော့လည်း အရင်ပုံအတိုင်းဘဲ ပြန်ထွက်လာတော့မှ ဆရာဝန်ကြီးက စိတ်ချသွားတယ်။ ကျော်ပတ်တီး စည်းခိုင်းတော့တယ်။ ခြေထောက်ကို သစ်သားပြား ကြတ်စည်းနဲ့ နေရတာ တစ်ပါတ်နီးပါးလောက်ရှိသွားတယ်။ မကြီးကျိုးတဲ့ ခြေထောက်ကို ရိုက်ထားတဲ့ ဓါတ်မှန်ကို ထူးခြားဖြစ်စဉ်ဆိုပီး ဆေးရုံက တောင်းပီး ယူထားလိုက်ကြတယ်။

မကြီးကို အိမ်ပေါ်ကနေ အိမ်အောက်ကို အဆင်းမခံဘူး အိပ်ရာနားမှာဘဲ စားစရာ ကစားစရာ အားလုံး ပေးထားတယ်။ ဒါပေမဲ့ မကြီးဘဲလေ မတ်တတ်ရပ်ပီး မသွားနိုင်တော့ ဖင်ထရွတ်ဆွဲသွားပီး ဆော့တာပေါ့ ဒါပေမဲ့ အိမ်ပေါ်မှာဘဲလေ။ သူငယ်ချင်းတို့ရော ဖင်ထရွတ်ဆွဲပီး တစ်လခွဲကြာအောင် ဘယ်သူ ဆော့ဘူးလဲ ဟင်...... ။

No comments: