Tuesday, March 25, 2008

ငယ်ငယ်တုံးက.............(၁)

Photobucket

ဒီလို နွေဦးအချိန် နေတွေပူ၊ လေတွေတိုက်၊ မိုးတွေရွာဘီဆို မကြီးပါချူး မှတ်မိနေတဲ့ အချိန်ကလေးတွေကို အတွေးစက ပြန်ရောက်သွားတယ် ....

မကြီးပါချူးတို့ ငယ်ငယ် (၆-နှစ်) တုံးက ဒီလိုမျိုးနွေဦးရာသီ တစ်ခုမှာ အိမ်ပြောင်းဘို့ သေတ္တာတွေ အိတ်တွေထဲကို ပစ္စည်းတွေထဲ့ပီး မေမေက မကြီးအပါအ၀င် သမီး (၃)ယောက်ကို လက်ဆွဲပီး ကားကြီးနဲ့ ထွက်ခဲ့ကြတယ်။ အဲဒီအချိန်မှာ ဖေဖေက မရှိဘူး အလုပ်တာဝန်ကျတဲ့ဆီကို သွားနေရလို့။ မကြီးတို့ အခုနေတဲ့ အိမ်နေရာကိုပေါ့။ အဲဒီအချိန်တုံးက လယ်ကွင်းတွေကို ပေ(၈၀x၈၀) အိမ်အကွက်ရိုက်ပီး ရောင်းတာကို ငွေ ၅၀၀ိ/ကျပ်နဲ့ ၀ယ်ရတယ်။ မကြီးတို့အကွက်က ရေကန်ကြီးနဲ့ ကပ်ရက် ညောင်ပင်ကြီးနှစ်ပင် အောက်မှာ။ လယ်ကန်သင်းရိုးတွေ ရှိနေတုံးဘဲ။ မကြီးတို့ အညာက ရေရှားတော့ နွေရာသီမှာ ကန်မကြီးနဲ့ကပ်လျှက် ရှိနေတဲ့ အိမ်တွေဘဲ ရေပေါတယ်။ အဲဒီရေကန်ကြီးကလည်း တစ်မြို့လုံး သုံးတာလေ။ ဒါကြောင့်မို့ ဖေဖေက ရေအတွက် စိတ်မပူရအောင် သေချာရွေးပီး ၀ယ်လိုက်တာ။ အဲဒီအချိန်တုံးက မကြီးတို့ ရပ်ကွက်မှာ အိမ်ဟောင်း(ရှိပီးသားအိမ်)က (၂)အိမ်၊ မကြီးတို့နဲ့ တစ်ရက်တည်း တိုင်ထူတဲ့အိမ်က (၁)အိမ်၊ မကြီးတို့အိမ်ရယ်ဆိုရင် စုစုပေါင်း (၄)အိမ်ဘဲရှိသေးတာ။

မေမေက မကြီးတို့ ကလေး(၃)ယောက်ကို ညောင်ပင်ကြီးအောက်မှာ ဖျာခင်းပီးနေခိုင်းတယ်။ ညောင်ပင်တစ်ပင်လုံး နီရဲပီး အရွက်သစ်တွေထွက်တဲ့ အချိန်လေ။ အိမ်ဆောက်ကြမဲ့ လက်သမားတွေ ရောက်လာတယ်၊ ဖေဖေလည်း ရောက်လာတယ်။ တိုင်ထူတဲ့သူကထူ ရွေဘော်ထိုးတဲ့သူကထိုးနဲ့ အားလုံး မနားကြဘဲ အလုပ်လုပ် နေကြတယ်ဆိုတာ မကြီးမှတ်မိနေတယ်။ မကြီးတို့အိမ်က တိုင်ထူပီးတော့ နောက်အိမ်က တိုင်ထူဘို့ လူလိုတာနဲ့ ဖေဖေက သွားကူပေးလိုက်သေးတယ်။ မကြီးတို့ ညီအစ်မ (၃)ယောက်လည်း ဖျာကလေးပေါ်မှာ ကစားလိုက်ကြ စားလိုက်ကြနဲ့ ပျော်နေကြတာပေါ့။ နေ့ပိုင်းမှာ ညောင်ပင်ရိပ်က ကောင်းကောင်း မရတော့ ပူလိုက်တာ။ ဖျာပေါ်ကနေ ဘယ်မှ မသွားရဘူးလို့ မေမေက ပြောထားတော့ နေစရာ ကလည်းမရှိ။ ညနေစောင်းတော့ မေမေ့ သူငယ်ချင်း အန်တီကြီးက မကြီးတို့ ညီအစ်မတစ်တွေကို ထမင်းကြွေးဘို့ သူ့အိမ်ခေါ်သွားတယ်။ ပဲထမင်း၊ ခရမ်းသီးခြောက်ချက်၊ မန်ကျီးရွက် ချုဉ်ရေဟင်းကို ကြွေးတယ် မကြီး အကြိုက်ဘဲလေ။ စားလို့ ကောင်းလိုက်တာ၊ မကြီး အခုချိန်ထိ မှတ်မိ နေသေးတယ်။

မကြီးတို့ အိမ်က နှစ်ဆောင်ပြိုင် ၄ခန်းx၃ခန်း၊ နောက်အဆောင်ကို ကြမ်းအပြည့် ခင်းထားတာ။ ညပိုင်းမှာ အညာရဲ့ ထုံးစံအတိုင်း နေ့ပိုင်း အပူလွန်ပီးရင် ညပိုင်း မိုးရွာတော့တာပေါ့။ အိမ်ကလည်း ကြမ်းခင်း၊ အမိုး မိုးပီးရုံဘဲ ရှိသေးတယ်။ အကာတွေ မကာရသေးဘူး။ မိုးတွေက တဝေါဝေါရွာ၊ လေတွေကတိုက် ဆိုတော့ အကာမရှိတဲ့အိမ်မှာ မိုးပက်တော့တာပေါ့။ မကြီးတို့ ကလေးတွေ အိပ်နေတဲ့ ပတ်လည်ကို ဗီရိုတွေကာ၊ သေတ္တာတွေ ဆင့်ပီးကာ၊ ခြင်ထောင် အထူကြီးထဲမှာ မကြီးတို့ ကလေးတွေကို ဖေဖေနဲ့ မေမေက ငုတ်တုတ် ထိုင်ပီး ထီးတွေဆောင်းပေး နေကြတာကို မကြီးတစ်ရေးနိုးလို့ မျက်လုံးလေး ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာ တွေ့လိုက်ရတဲ့ မြင်ကွင်းကို အခုထိမမေ့သေးဘူး။

No comments: