Friday, February 15, 2008

လွမ်းတယ် အညာရယ်.........

မနက် အိပ်ရာကနေ ထလိုက်တော့ ပြူတင်းပေါက်က မှန်ကို ဖြတ်ပြီး မြင်လာတာက ကုက္ကိုပင်ရဲ့ ရွက်နုလေးတွေ။ လက်ပံပင်ရဲ့ နီရဲနေအောင် ပွင့်နေတဲ့ အပွင့်တွေ..။ ဇရက် ကလေးတွေရဲ့ အော်မြည်နေကြတဲ့ အသံကလေးတွေ။ ဒါတွေဟာ နွေဦးရဲ့ သရုပ်ကို ဦးဆုံး အကောင်အထည် ဖေါ်ဘို့အတွက် အရွက်တွေ အစောကြီး ကြွေကျပီး ရွက်နုတွေ တစ်ပင်လုံး စိမ်းဝေနေအောင် ထွက်တဲ့ ကုက္ကိုပင်နဲ့ နီရဲတဲ့ အပွင့်တွေကို ပွင့်ပေးတဲ့ လက်ပံပင်ပါ။ ဆောင်းကလည်း သိပ်မကုန်သေးတော့ မနက်ပိုင်းမှာ နဲနဲ အေးသေး တယ်လေ။ သင်္ကြန်ရာသီဥတု ကလေးနဲ့ တော်တော် ဆင်တယ်။ အငွေ့အသက်ကလေးတွေ ရလိုက်တယ်။ ရင်ထဲမှာ တော်တော်လေး အေးချမ်းသွားတယ်လို့ ခံစားရတယ်။
မကြီးလေ....... ကုက္ကိုရွက် အနုကလေးတွေကို သုတ်စားချင်တဲ့စိတ် ပေါ်လာတယ်။ ဒီအချိန်ဆိုရင် အညာမှာ ကုက္ကိုရွက် အနုကလေးတွေကို ရေနွေးနဲ့ ပြုတ်ပီး ဆီချက်၊ မြေပဲထောင်း၊ ပုဇွန်ခြောက်ထောင်း၊ ငပိကင် ကလေးနဲ့ သုတ်စားရတယ်။ တစ်နှစ်လုံးမှ ဒီတစ်ခါဘဲရတဲ့ ရာသီစာကလေးပါ။ မကြီးလွမ်းလိုက်တာ.........
လက်ပံပွင့်တွေကို ချဉ်ရေဟင်းချက်စား။ ခရမ်းသီးခြောက်၊ ဘူးသီးခြောက်နဲ့ ရောချက်စား။ ဒါတွေဟာ မကြီးတို့ အညာဒေသမှာ ချက်စားတဲ့ အစားအစာတွေပါ။ သတိယတယ် အညာရယ်....
လက်ပံပွင့်ခြောက်ကို ကျိုင်းတုံ မုံ့ဟင်းခါးထဲမှာ ထဲ့ချက်ပီး စားတာကို မကြီးစားဘူးတယ်။ ကျိုင်းတုံမှာ လက်ပံပွင့်ခြောက်ကို အသုံးပြုလို့ တော်တော် အံ့အားသင့်သွားတယ်......
အော်........ ဘယ်နေရာ ဘယ်ဒေသကိုဘဲ ရောက်ရောက် ကိုယ့်ဒေသကို သတိရမိတယ်၊ လွမ်းမိတယ်..........

No comments: