Tuesday, February 5, 2008

မျှဝေလိုက်ပါတယ်

မကြီးငယ်ငယ်က (၂တန်းလောက်ကတည်းက) မကြီးတို့ကို အမေကြီး (အဖွား)ကနေ သမ္ဗုဒ္ဓေဘုရားရှိခိုးကို နှုတ်တိုက် ချပေးပြီး နေ့တိုင်း ရွတ်ခိုင်းခဲ့တယ်။ ၅တန်းနှစ် နွေရာသီမှာ သမ္ဗူဒ္ဓေဘုရားရှိခိုးရဲ့ အနက်အဓိပ္ပါယ်ကို နှုတ်တိုက် ချပေးပြီး ရွတ်ခိုင်းခဲ့တယ်။ သမ္ဗုဒ္ဓေဘုရားရှိခိုးရဲ့ ဖြစ်တည်လာပုံ ကလေးကိုလည်း ပြော ပြောပြတယ်။ မကြီး မှတ်မိနေတဲ့ သမ္ဗုဒ္ဓေဘုရားရှိခိုးရဲ့ အကြောင်းကလေးကို သူငယ်ချင်းတို့လည်း သိရအောင် မှတ်မိသမျှလေးကို မျှဝေလိုက်ပါတယ်။ ဘုရားရှိခိုး အမျိုးမျိုးမှာ သမ္ဗူဒ္ဓေဘုရားရှိခိုးဟာ ငါးသိန်းတစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်တို့အား ရှိခိုးထားခြင်းဖြစ်လို့ အလွန်ထူးခြားတဲ့ တစ်ခုတည်းသော ဘုရားရှိခိုးဖြစ်ပါတယ်။ အခုတော့ သမ္ဗူဒ္ဓေဘုရားရှိခိုး (၅)မျိုး ကို ဒီနေရာကနေယူနိုင်ပါတယ်။

အဆူဆူသော ဘုရားရှင်အရေအတွက်ကို ဖော်ညွှန်းရာမှာ ယခုပွင့်ခဲ့ပြီးသော ဂေါတမမြတ်စွာဘုရား အလောင်းတော်ကြီးဟာ စိတ်ဖြင့်ဆုတောင်းခဲ့သော ခုနှစ်သင်္ချေသောကာလမှာ ပွင့်တော်မူကြကုန်သော သုံးသိန်းရှစ်သောင်း ခုနှစ်ထောင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့အား၎င်း၊ နှုတ်ဖြင့် ဖွင်ဟမြွက်ဆို ဆုတောင်း ခဲ့သည့် ကိုးသင်္ချေသော ကာလအတွင်း ပွင့်တော်မူခဲ့ကြကုန်သော တစ်သိန်းနှစ်သောင်း ငါးထောင် ကုန်သော ဘုရားရှင်တို့အား၎င်း၊ ကိုယ်ရော နှုတ်ပါ ပါရမီဖြည့်ခဲ့သည့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်း အလောင်းတော်ကြီးကိုယ်တိုင် တွေ့ကြုံဖူးမြော်ခဲ့ရသည့် နှစ်ဆယ့်ခုနှစ်ဆူ ကုန်သော မြတ်စွာဘုရား အဆူဆူ တို့ကို၎င်း၊ စုပေါင်းလိုက်လျှင် အသင်္ချေအားဖြင့် (၅၁၂၀၂၇) ဆူကုန်သော အရေအတွက်ကို ရသည် ဖြစ်ရာ ဂေါတမမြတ်စွာဘုရားကိုပါ ဖြည့်စွက် စုပေါင်းသဖြင့် (၅၁၂၀၂၈) ဆူဟူ၍ ဖြစ်လာရကြောင်း သိခဲ့ရပါတယ်။

သမ္ဗူဒ္ဓေဘုရားရှိခိုးကို ပုဂံခေတ် ”တထာ ဂတုပ္ပတ္တိ” ဗုဒ္ဓ၀င်ကျမ်းပြု ”အရှင်ဉာဏဂမ္ဘီမထေရ်” မြတ်က ရေးသား ဖွဲ့သီတော် မူခဲ့တယ်လို့လဲ သိခဲ့ရပါတယ်။

သမ္ဗူဒ္ဓေ အဌ၀ိသဉ္စ… ”အစချီသော ပထမဂါထာတော်မှာ ဘုရားအလောင်းတော် ဘုရားဖြစ်ရန် ပါရမီဖြည့်စဉ် ပွင့်တော် မူသွားသော ငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့ကို သင်္ချာပြကာ ရေတွက်၍ ရှိခိုးသော ဂါထာဖြစ်ပါသည်။

အပကာ ၀ါလုကာ ဂင်္ဂါ …..” အစချီသော ဒုတိယဂါထာတော်မှာ ဘုရားအလောင်းတော် ဘုရားဖြစ်ရန် စိတ်ဖြင့် ကြံစည်တောင့်တစဉ် ပွင့်တော်မူသွားသော ဘုရားရှင်တို့ကို သင်္ချာ ရေတွက်ပြခြင်းမပြုဘဲ အားလုံးခြုံကာ ရှိခိုပြီးလျှင် ထိုဘုရားရှင်တို့၏ တရား၊ သံဃာတို့ကိုပါ ရှိခိုးသော ဂါထာဖြစ်သည်။

နမက္ကာရနုဘာဝေန ဟိတွာ……..” အစချီသော တတိယဂါထာတော်မှာ ထိုဘုရား၊ တရား၊ သံဃာတို့အား ရှိခိုးသူတို့၏ အာသီသ (မျှော်လင့်တောင့်တချက်) ကိုပြသော ဂါထာဖြစ်သည်။ တစ်နည်းအားဖြင့် ထိုဘုရားရှင်တို့နှင့် တရား၊ သံဃာတို့၏ တန်ခိုးအာနုဘော် ထက်မြက် ကြီးမားကြောင်းကို သွယ်ဝိုက်သော အားဖြင့် ဖေါ်ပြသော ဂါထာဖြစ်သည်။

အားလုံးခြုံလိုက်ပါက ဘုရားရှင်အနန္တ၊ တရားတော်အနန္တ၊ သံဃာတော်အနန္တတို့၏ ဂုဏ်တော်တို့ကို ရည်ညွှန်းလေးမြတ်ကာ ရှိခိုးသော ဂါထာများပင်ဖြစ်ပါတယ်။ ဒါကြောင့်မို့ အနှစ်သာရ အလွန်ပြည့်ဝပြီး သဘာဝယုတ္တိလည်း ရှိလှပါတယ်။ ဒါ့အပြင် ဘုရားဟောပါဠိတော်များနှင့် တို့ရဲ့ အဖွင့် အဋ္ဌကထာတို့ကို မှီငြမ်းကာ ဖြစ်ပေါ်လာသော ဂါထာများဖြစ်လို့ သာဓကယုတ္တိလည်း ရှိလှပါသည်။ ထို့ကြောင့် သမ္ဗူဒ္ဓေ ဂါထာတော်မြတ်ကိုကား ယုံကြည်စွာဖြင့် အလွန်ပင် လေးစားထိုက်၊ မြတ်နိုးထိုက်၊ ရွတ်ဖတ်ထိုက်လှပေသည်။

သမ္ဗူဒ္ဓေဂါထာ ရွတ်ဖတ်ပူဇော်နည်း

၁။ ကွမ်းဝါးသော် -ခေါက်

၂။ ခေါင်းလျှော်သော် ၁၀-ခေါက်

၃။ ထမင်းစားသော် -ခေါက်

၎။ အုန်းဆီလိမ်းသော် -ခေါက်

၅။ ရေကြောင်းခရီးသွားသော် -ခေါက်

၆။ ပန်းပန်သော် -ခေါက်

၇။ အိပ်ရာဝင်သော် -ခေါက်

၈။ ရန်သူနဲ့တွေ့သော် ၁၁-ခေါက်

၉။ စစ်တိုက်သော် -ခေါက်

၁၀။ သန္ဓေဖွားခက်သော် -ခေါက်

၁၁။ ခရီးသွားသော် -ခေါက်

၁၂။ အကျဉ်းကျသော် ၁၀၀၀-ခေါက်

နေ့တိုင်းရွတ်ဖတ်လျှင် ရရှိသောအကျိုး……. ဘေးရန်ကင်းစင်ခြင်း၊ လာဘ်ပေါများခြင်း၊ ဘုန်းတန်ခိုး အာဏာကြီးမားခြင်း၊ ကျော်စောခြင်း၊ တင့်တယ်ခြင်း၊ ချစ်သူခင်သူ ပေါများခြင်း တို့ဖြစ်ပါသည်။ သူငယ်ချင်းတို့ တစ်တွေလည်း ရွတ်ဖတ်နိုင်ကြပါစေ။

No comments: