Saturday, January 3, 2009
အနှောင့်ယှက်
ဇီးကွက် ဇီးကွက် အော်မြည်သံက
အိပ်တန်းတက်မယ် နှုတ်ဆက်သံ။
စာကလေးတွေ ကျလိကျလိ
နိုးထနေပြီ ရက်သစ်တစ်ခုရဲ့
မင်္ဂလာပါ နှုတ်ဆက်သံ။
ရွှေကျည်းလေးရေ တအာအာနဲ့
ဧည့်သည်လာပေါ့ လာပါပေါ့လို့
ကြိုဆိုနေတဲ့ အသံလေး။
ခွေးလေးဘော်ဘီ တအီအီနဲ့
သခင်အိပ်ယာ ထချိန်ရောက်ပြီ
သတိပေးတဲ့ နှုတ်ခွန်းဆက်။
နေ့ခင်းနေ့လည် ထမင်းစားချိန်
ယောက်ဖခွေးခေါ် အသံလေးက
ထမင်းမြိန်လား စားကောင်းလား
မေးနေသလို အသံလေး။
ညခင်းမှောင်ရီ ပျိုးနေချိန်မှာ
ကျိကျိ ကျိကျိ နှုတ်ဆက်နေတဲ့
ကြက်တူရွေးတို့ အိပ်တန်းပြန်။
တစ်နေ့လည်လုံး မအားရအောင်
စိတ်ရောလူရော လုံးပန်းနေလည်း
ပျော်ရွှင်ကြည်နူး မပင်ပန်းခဲ့။
မီးကိုပိတ်လို့ စောင်ခေါင်းမူးခြုံ
စိတ်ကိုလျှော့လို့ အနားယူစဉ်
ဂျစ်ဂျစ် ဂျစ်ဂျစ် အသံတွေက
ဟိုမှသည်မှ ထွက်ပေါ်လာရာ
အိပ်လို့မရ ထွက်ရှာမှပဲ
တွေ့ပါပြီလေ ဒင်းကလေးကို
ဟိုမှာ......... ဒီ ကြွက်စုတ်။
Thursday, January 1, 2009
ကြိုဆိုပါတယ် 2009
နှစ်သစ်ကြီး 2009 ရေ ပျော်ရွှင်လှိုက်လှဲစွာ ကြိုဆိုပါတယ်ရှင်။ အငယ်လေး 2008 မှာ ရှိခဲ့တဲ့ ၀မ်းနဲ ကြေကွဲမှု၊ စိတ်ပင်ပန်း လူပင်ပန်းမှု၊ အားငယ် သေးသိမ်မှုတွေ အားလုံးကို ထားခဲ့ပြီး အစ်ကိုသစ်ကြီး 2009 မှာ ပျော်ရွှင်မှု၊ တက်ကြွှမှုတွေကို ယုံကြည်မှု အပြည့်နဲ့ သယ်ဆောင်ပြီး ရည်မှန်းချက် ဘ၀ခရီးလမ်းကို လျှောက်ကြရအောင်.............
Tuesday, December 30, 2008
စိတ်ကူးယဉ်တယ်
မောင်ငယ် တစ်ယောက်က စိတ်ကူးယဉ်တယ် ဆိုတာလေးကို ရေးပေးဖို့ tag ထားတယ်။ ပါချူး ရေးပေးရမှာပေါ့။ စိတ်ကူးယဉ်တယ်ဆိုတာ တကယ် မဟုတ်ဘူးလေ ကိုယ့်စိတ်ထဲ မှာပဲ ကိုယ်ဖြစ်ချင်တဲ့ဟာကို ပုံဖေါ်ပြီး ရှိနေတာ။ ပိုက်ဆံ မကုန်ဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ အကြာကြီး စိတ်ကူးတွေ ယဉ်နေမယ် ဆိုရင်တော့ မကောင်းတဲ့ ဘက်မှာ များသွားမယ်။ ကလေးတွေအတွက် စိတ်ကူးယဉ်မှုဟာ အန္တရယ် အများဆုံး ဆိုတာကို ပါချူး စာအုပ် တစ်အုပ်ထဲမှာ ဖတ်ဖူးပါတယ်။ ဒါပေမဲ့ ဒီစိတ်ကူးယဉ်မှု တွေကနေပဲ ဘ၀အတွက် အားတစ်ခု ဖြစ်သွားစေတဲ့ အဖြစ် တွေလည်း ရှိခဲ့ကြတယ် ဆိုတာကို သူငယ်ချင်းတို့ တစ်တွေလည်း သိကြမှာပါ။ ပါချူးတို့ ငယ်ငယ်က ဖေဖေ အလုပ် တစ်ခု ခိုင်းပြီဆိုရင် အရင်ဆုံး ကိုယ့် စိတ်ကူးထဲမှာ ရှိနေတဲ့ ပုံစံတွေကို ဖေဖေ့ကို ပြောပြ ကြရတယ်။ ဥပမာ- ပါချူးတို့ အိမ်မှာ ဖုန်းကြီးဆွမ်းကပ်နဲ့ လူတွေကို ဖိတ်ကြွေးမယ် ဆိုပါတော့။ အဲဒီပွဲအတွက် ဖြစ်နိုင်ခြေ အားလုံးကို တစ်ခုချင်း တစ်ပိုင်းစီကို အစီအစဉ်တကျ ပြောပြရတယ်။ တနည်းအားဖြင့် လက်တွေ့ မလုပ်ခင်မှာ ပွဲအတွက် အစီအစဉ်တကျ စိတ်ကူးယဉ်တာလို့ ပါချူးမြင်တယ်။ ဒါဟာ ကောင်းတဲ့ စိတ်ကူးယဉ်မှုလို့ ပါချူးမြင်တယ်။ ဒီလို စိတ်ကူးယဉ်မှုက ရှိနေကြရမယ်လေ။
ပါချူး ပင်ပန်းတယ်လို့ ခံစားမိတဲ့ အလုပ်တွေကတော့ အ၀တ်လျှော်၊ မီးပူတိုက်၊ ထမင်းချက်၊ မီးအပူနဲ့ လုပ်ရမယ် ဆိုတာတွေကို ပါချူး အပင်ပန်းဆုံးလို့ ထင်တယ်။ ပါချူး ကိုယ်တိုင်က မီးအပူကို ကြောက်တာလည်း ပါတယ်။ အိမ်သန့်ရှင်းရေး ကိုတော့ ပါချူး ၀ါသနာလည်း ပါတယ် လုပ်လည်း လုပ်တယ်။ မီးပူတိုက်ရမယ်။ ထမင်းချက်ရမယ် ဆိုတဲ့ အချိန်ဟာ ပါချူး အတွက် အကြောက်ဆုံး အချိန်တွေပဲ။ မလုပ်ချင်ဆုံး အလုပ်တွေပဲ။ ပါချူး စိတ်ကူး ယဉ်မိမယ် ဆိုရင်တော့………………
ထမင်းကို ပျော့ပျော့လေး ချက်ပေးတတ်ပြီး ပါချူးကြိုက်တဲ့ မုံညင်းရွက်ကျော်၊ ခရမ်းချဉ်သီး အနှစ်ကလေးနဲ့ ချက်ထားတဲ့ အသားဟင်း၊ ငပိထောင်းလေးနဲ့ မေမေ့ လက်ရာကို မီတဲ့ ချဉ်ရေဟင်းလေး တစ်ခွက်လောက် ချက်တတ်တဲ့ robot တစ်ရုပ် လောက်ရှိရင် ကောင်းမယ်။ မီးပူကိုလည်း ကော့နေအောင် တိုက်တတ် စရာ မလိုပါဘူး ခေါက်ရိုးဟောင်း ပျောက်ပြီး အဆင်ပြေရုံ ပြန်ခေါက်တတ်တဲ့ robot ဆိုရင် ရပြီ။ ညပိုင်းမှာ ပါချူး အိပ်ပျော်နေချိန် ပြူတင်းပေါက်တွေ လိုက်ပိတ်တတ်တဲ့ robot တစ်ကောင်လောက် ရှိမယ်ဆိုရင်တော့ ပိုပြီး အဆင် ပြေတာပေါ့ကွယ်။
ဒါပေမဲ့ မဖြစ်နိုင်တာကို စိတ်ထဲမှာ ရှိနေတာကလည်း တစ်ခါတစ်လေမှာ စိတ်အပန်းဖြေတဲ့ ပုံစံ ဆိုရင် ကောင်းပါတယ်။ အမြဲတမ်း စိတ်ကူး ယဉ်နေလို့ကတော့ ယဉ်ယဉ်ကလေးနဲ့ ဆိုပီး တစ်နေရာကို အပို့ခံ နေကြရဦးမယ်နော်။ သိတယ်မို့လား။
Sunday, December 28, 2008
ဆောင်းတစ်ည
ကွေးနေဖို့တော့ မစဉ်းစားနဲ့
နှစ်သစ်ကို ကြိုဆိုဖို့
မီးပုံပွဲ နွှဲလိုက်ရအောင်။
နှစ်သစ်ရဲ့ အလင်းရောင်ကို
ပျော်ရွင်စွာ ဒို့အတူတူ
လက်တွဲတွေ မဖြုတ်စတမ်း
လှမ်းလို့သာ ကြိုကြစို့။
တောင်းဆုတွေ ရင်မှာချွေ
သတ္တ၀ါအပေါင်း ငြိမ်းချမ်းဖို့
ဝေဖြာတဲ့ မေတ္တာမိုး
နှစ်သစ်မှာ သွန်းဖြိုးရအောင်။
Thursday, December 25, 2008
နှစ်သစ်ကို သွားကြစို့
Tuesday, December 23, 2008
အလွမ်း
Tuesday, December 2, 2008
အညာဆောင်း
အေးချမ်းတဲ့ ဆောင်းတစ်ည
အနွေးဓါတ် လုံခြုံဖို့
လေမ၀င် ဟာပေါက်မရှိအောင်
ပက်လက်ကလေး အသာလှန်
ဂွမ်းဆောင်နဲ့ လူကိုလုံးထား။
ပူလာတဲ့ ကျောပြင်ကြောင့်
ကွေးတင်ကာ တစ်စောင်းလေး
လွတ်သွားတဲ့ ခါးပိုင်းက
တိုးလာတဲ့ အအေးဓါတ်ရယ်
အိပ်ချင်စိတ် ပျက်သွား
ဟင်.........
အေးစမ်းဟဲ့ ဒီအညာဆောင်း။
Monday, December 1, 2008
ဆောင်းည
ရေနံကြေးနံ့ အသင်းသင်းနဲ့
တစ်နေ့တာ အနားယူဖို့
ကြမ်းခင်းမှာ ကြောခင်းမိတယ်….။
ကတ်ထရံ အပေါက်ကြားက
နှင်းငွေ့တွေ သယ်လာတဲ့
တိုးဝင်တဲ့ လေပြေကြောင့်
ဂွမ်းဆောင်ကို ဆွဲလို့ခြုံ
မျက်စေ့ကိုမှိတ် နားစွင့်မိတယ်….။
ခေါင်းရင်းဘက် ညောင်ပင်က
လေတိုးသံ တရှဲရှဲကြောင့်
အမေ့အိမ် ပြန်ရောက်နေသလား
စိတ်ထဲမှာ ထင်လိုက်ရုံနဲ့
နွေးထွေးမှု သိုင်းခြုံ
ရင်ထဲမှာ လုံခြုံပီး
ကြည်နူးစွာ အိပ်ပျော်ခဲ့တဲ့
အော်………….
ရှည်လှတဲ့ ဆောင်းညများ….။
P.S ပါချူးတို့ ဘုတလင် အိမ်နားမှာ ညောင်ပင်ကြီး ၂ပင်ရှိတယ်။
