Thursday, December 25, 2008

နှစ်သစ်ကို သွားကြစို့





















ပျော်ရွှင်စရာတွေ သယ်လာခဲ့ကွယ်

ဝမ်းသာစရာလည်း ဆွဲခဲ့ပါဦး

ပီတိတွေ တစ်ပွေ့တစ်ပိုက်နဲ့

ကြည်နူးမှု ထိပ်မှာတင်ပြီး

အောင်မြင်မှု ခရီးလမ်းကို

အားအပြည့်နဲ့ လျှောက်လှမ်းရအောင်။

Tuesday, December 23, 2008

အလွမ်း

အခုတစ်လော ဆူးပန်းရွက်ကလေးကို မြင်လိုက်တာနဲ့ မေမေ့ကို အရမ်းသတိရ နေမိတယ်။ ဆူးပန်းရွက် ဆိုတာ ဆလတ်ပင် အရွယ်ပဲရှိပြီး အရွက် ရှည်ရှည်လေးတွေနဲ့ နူးညံ့တယ်။ ပါချူးတို့ ငယ်ငယ် ၅-၆နှစ် အရွယ်လောက်က ဘုတလင်မှာ ဆူးပန်းရွက် မရှိဘူး။ မုံရွာကနေ ဘုရားပန်း လာရောင်းတဲ့ ဈေးသည်တွေကို မှာပြီး ချက်ကြွေးခဲ့တာကို အခုချိန်ထိ သတိရနေတုံးပဲ။ ဆူးပန်းရွက်က ဆောင်းခါမှာပဲ ပေါ်တဲ့ ဟင်းရွက် တစ်မျိုးပါ။ ငါးရံ့ကလေးကို အညာထွက် တောခရမ်းချဉ်သီး၊ မန်ကျည်းသီး အစိမ်းလေးနဲ့ နံနံပင်လေးခတ်ပြီး ဆူးပန်းရွက် ချဉ်ရေ ချက်ပေး ခဲ့တယ်။ ပဲပွပြုတ် ကလေးကို ကြက်သွန်စိမ်းလေး ဆီဆားလေးနဲ့နယ်၊ ငရုပ်သီးထောင်းလေး နဲ့ဆို ခေါင်းမဖေါ်နိုင်အောင် လွှေးပေရောပဲ။ အခုတော့ ဆူးပန်းရွက်က နေရာ တော်တော် များများမှာ စိုက်နေ ကြပြီဆိုတော့ ပေါနေပါပြီ။ မနေ့ကမှ သိလိုက်ရတဲ့ ဆူးပန်းရွက်ကို နောက်ထပ်လုပ်စားလို့ ရတဲ့ နည်းကတော့ ရေနွေးလေး ဖျောပြီး ဆီချက်၊ မြေပဲထောင်းလေးနဲ့ သုတ်စားတာတဲ့။ ပါချူးလည်း တစ်ခါလောက်တော့ လုပ်စား ကြည့်ဖြစ်လိုက်ဦးမယ်။ မေမေလည်း ဒီအချိန်မှာ ဆူးပန်းရွက် ချဉ်ရေဟင်းများ ချက်စားနေပြီလားလို့ သတိရမိတယ်။ အညာအစား အစာထဲမှာ မေမေကြိုက်တာဆိုလို့ ဒီဆူးပန်းးရွက်ပဲ ရှိတာလေ။ နောက်ဆက်တွဲ တသိရလိုက် မိတာက မေမေရော ဖေဖေရော ကျန်းမာရေး ကောင်းရဲ့လားလို့။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိနေနိုင်ကြပါစေ ဖေဖေနဲ့ မေမေ......................

Tuesday, December 2, 2008

အညာဆောင်း

နှင်းငွေ့တွေ ပက်ဖျန်းတဲ့
အေးချမ်းတဲ့ ဆောင်းတစ်ည
အနွေးဓါတ် လုံခြုံဖို့
လေမ၀င် ဟာပေါက်မရှိအောင်
ပက်လက်ကလေး အသာလှန်
ဂွမ်းဆောင်နဲ့ လူကိုလုံးထား။

ပူလာတဲ့ ကျောပြင်ကြောင့်
ကွေးတင်ကာ တစ်စောင်းလေး
လွတ်သွားတဲ့ ခါးပိုင်းက
တိုးလာတဲ့ အအေးဓါတ်ရယ်
အိပ်ချင်စိတ် ပျက်သွား

ဟင်.........
အေးစမ်းဟဲ့ ဒီအညာဆောင်း။

Monday, December 1, 2008

ဆောင်းည

ကတ်မိုးနဲ့ ထရံကာ
ရေနံကြေးနံ့ အသင်းသင်းနဲ့
တစ်နေ့တာ အနားယူဖို့
ကြမ်းခင်းမှာ ကြောခင်းမိတယ်….။

ကတ်ထရံ အပေါက်ကြားက
နှင်းငွေ့တွေ သယ်လာတဲ့
တိုးဝင်တဲ့ လေပြေကြောင့်
ဂွမ်းဆောင်ကို ဆွဲလို့ခြုံ
မျက်စေ့ကိုမှိတ် နားစွင့်မိတယ်….။

ခေါင်းရင်းဘက် ညောင်ပင်က
လေတိုးသံ တရှဲရှဲကြောင့်
အမေ့အိမ် ပြန်ရောက်နေသလား
စိတ်ထဲမှာ ထင်လိုက်ရုံနဲ့
နွေးထွေးမှု သိုင်းခြုံ
ရင်ထဲမှာ လုံခြုံပီး
ကြည်နူးစွာ အိပ်ပျော်ခဲ့တဲ့
အော်………….
ရှည်လှတဲ့ ဆောင်းညများ….။

P.S ပါချူးတို့ ဘုတလင် အိမ်နားမှာ ညောင်ပင်ကြီး ၂ပင်ရှိတယ်။

Friday, November 28, 2008

ယုံကြည်မှု

မင်းငါ့ကိုကြည့်တဲ့ မျက်ဝန်းထဲမှာ
သံသရရိပ် နဲနဲပါနေတယ်
ဒါပေမဲ့
မင်းဖုံးကွယ်ထားနိုင်ခဲ့တယ်။

ကောင်လေးရေ.........
ယုံကြည်မှုတိုင်းဟာ
အမှန်တရား ဖြစ်မလာပေမဲ့
အမှန်တရားတိုင်းကို
စိတ်ချလက်ချ ယုံကြည်လိုက်ပါ။

Wednesday, November 26, 2008

တစ်ပွင့်တည်း

ပန်းပွင့်များဟာ

တစ်ပွင့်ကြွေလည်း

နောက်ထပ်တစ်ပွင့်

ထပ်ပွင့်ကြတယ်…..


ကိုယ့်ရင်ထဲက

တစ်ပွင့်တည်းသော

ပန်းကလေးဟာ

မညှိုးထာဝရ

ပွင့်နေမှာပါ။

ထာဝရ

လောင်းလိုက်စမ်းပါ

သစ္စာမဲ့ အဆိပ်ရည်

ပျက်စီးသွားမယ် ထင်သလား။


ညှပ်ပစ်လိုက်စမ်းပါ

ဥပက္ခာ ကတ်ကြေးနဲ့

ပြတ်ထွက်ဖို့ဝေးသေး။


ကော်ထုတ်ပစ်လိုက်စမ်းပါ

အမုန်း ဘိုဒိုဇာနဲ့

ရွေ့ဘို့တောင် ခတ်ခက်ခက်။


ကောင်လေးရေ----

အချစ်ဆိုတာ ဘယ်တော့မှ

သတ်လို့ မသေတဲ့

အသက် တစ်ချောင်းဆိုတာ

မင်းမသိသေးလို့ပါ။

Tuesday, November 25, 2008

ပြေပါတော့

အေးချမ်းတဲ့ မြောက်လေပြန်
ကတ်ပေါက်ကြားက တသွင်သွင်
လူးလွန့်ကာ တိုးဝင်လာခဲ့
အေးတာကို အန်တုဖို့
ဂွမ်းဆောင်ကို ဆွဲခြုံလိုက်ရ။

အတွေးတွေ တောင်မြောက်ရောက်
ရှေ့ရေးကို မျှော်ကာမောနေ
လက်ရှိကို စိတ်မကြိုက်
နဖူးပေါ်လက်တင်ပြီး
သက်ပြင်းတွေ အခါခါချ။

ဝဋ်ကြွေးရယ် ပြေပါတော့
ဘ၀မှာ ဒီအချိန်ဆပ်နေတာ
အပြီးပဲ ဖြစ်ပါစေတော့။