Thursday, February 19, 2009
ထာဝရ မေတ္တာ
သတိထားနော် လမ်းမမှားစေနဲ့
စိတ်မချလို့ မှာနေလိုက်တာ။
တစ်ခုခုကို စားတော့မယ်ဆို
ကျန်းမာရေးအတွက် ပူပင်ပေးတာ
ဒါလေးကတော့ တည့်ပါ့မလား။
ညအိပ်ရာဝင် နွေးထွေးစေဘို့
စောင်လပ်နေလား အေးနေလား
တစ်ရေးနိုးလို့ ထစမ်းပေးတာ။
သားသမီးအသက် ဘယ်လောက်ကြီးကြီး
ပိစိကွေးလေး ထင်နေခဲ့တာ
မပြောင်းလဲတဲ့ မေတ္တာတွေနဲ့
အစဉ်ထာဝရ နွေးထွေးနေတဲ့
မိဘ မေတ္တာ။
Wednesday, February 18, 2009
တို့နှစ်ယောက်
ပူပင်စရာ သောကတွေကို
မျှဝေခံစား ကြရအောင်။
တို့နှစ်ယောက်
ပျော်ရွှင်စရာ ကြည်နူးမှုတွေကို
မျှဝေခံစား ကြရအောင်။
ဘ၀ခရီးလမ်း
လက်တွဲ မဖြုတ်စတမ်း
လောကဓံကို အံတုလို့
ရဲရဲကြီး ရင်ဆိုင်လိုက်ကြပါစို့
တို့နှစ်ယောက်။
Wednesday, February 11, 2009
ဆုံကြပါစို့
အခုထိ မနိုးနိုင်သေးဘူး
မေ့ပစ်ဖို့ဆိုတာ
မလွယ်ကူဘူး ချစ်သူ။
အချစ်ဆိုတာ ဝေးမှပိုသိခဲ့တယ်
အသက်ရှင်နေတာ လွမ်းဖို့ဆိုရင်
ဒီနေ့ရက်တို့ ကျော်လွန်အောင်
ဆုံတွေ့ကြပါစို့ ချစ်သူ။
Monday, February 9, 2009
တပို့တွဲ လပြည့်နေ့

သူငယ်ချင်းတို့ရေ …. ဒီနေ့ဟာ မြန်မာပြက္ခဒိန်လရဲ့ (၁၁)လမြောက်ဖြစ်တဲ့ တပို့တွဲ လပြည့်နေ့ ဖြစ်ပါတယ်။ တပို့တွဲလကို ထမနဲ နှင့် တွဲဖက်ပြီ သတိရစေတဲ့ လ ဖြစ်ပါတယ်။ တပို့တွဲ လပြည့်နေ့ဟာ ဆောင်းရာသီမှာ မြတ်စွာဘုရားရှင်ဟာ လက်ဝါးတော်ဖြန့် မီးလှုံတဲ့နေ့ ဖြစ်တယ်လို့ ပါချူး အမေကြီး ပြောပြခဲ့ ဘူးပါတယ်။ ပါချူးတို့ ငယ်ငယ်က ဒီလပြည့် ရောက်ပြီဆိုရင် အမေကြီးနဲ့ ဒါနပြုခဲ့ ကြတာလေး တွေကို သတိရ မိပါတယ်။ ဘုတလင်မြို့ရဲ့ မြောက်ဘက်မှာ ရှိတဲ့ တောကျောင်းတစ်ခု ဖြစ်တဲ့ ကွမ်းသီးစိတ် (တောရကျောင်း) ကိုသွားရပါတယ်။ တောရကျောင်းက သိမ်ကျောင်းတော်နဲ့ ဘုရားဟာ ပါချူးတို့ အဖွား (အမေကြီး၏ အစ်မ) တည်ခဲ့သော ဘုရား ဖြစ်ပါတယ်။ တပို့တွဲ လပြည့်နေ့ မတိုင်ခင် အဖိတ်နေ့ ညနေမှာ အဲဒီ သိမ်ဘုရားကို သွားပြီး မီးပူဇော်ဖို့ သနပ်ခါး၊ နံ့သာဖြူ၊ ကရက်မက် စတဲ့ အမွှေးနံ့သာ တွေနဲ့ မီးဖိုပုံစံလေး လုပ်ထားခဲ့ကြပါတယ်။ မနက် ဆွမ်းတော် ကပ်ဖို့ နှင့် ဘုန်းတော်ကြီးကို လှူဖို့ အတွက် ထမနဲလည်း ပါတာပေါ့။ မနက် အာရုဏ်တက်မှာ ကျောင်းထိုင် ဆရာတော်ဘုရားက စောစောထပြီး ထမနဲကပ် မီးပူဇော် လုပ်ပေးပါတယ်။ နောက်ထပ် အလှူတစ်ခုကတော့ ပန့်သကူ ပြစ်တာပါ။ မနက်စောစော ထပြီး ငှက်ပျောဖက်နဲ့ ထုတ်ထားတဲ့ ထမနဲထုတ် ဒါမှမဟုတ်လည်း ပိုက်ဆံတို့ အ၀တ်အစား အသုံးအဆောင်တို့ကို လမ်းဆုံ လမ်းလေးခွမှာ ထားခဲ့တာပါ။ အမေကြီးကတော့ ပိုက်ဆံ ပြစ်ပါတယ်။ ပန့်သကူအလှူပါ ဆိုတဲ့ စာကလေးပါ တွဲပြီး ပြစ်တာပါ။ တွေ့တဲ့သူလည်း စိတ်ချမ်းသာစွာနဲ့ စိတ်ချ လက်ချ သုံးနိုင်အောင်ပါ။ ပါချူးတို့ မနက်မိုးလင်းရင် ပန့်သကူထုတ်တွေ လိုက်ရှာရတာ အမောပဲ။ ပါချူးငယ်ငယ်က အမေကြီး ပြစ်ထားတဲ့ ပံ့သကူထုတ် မရလို့ အမေကြီးကနေ မုန့်ဖိုး ပေးဘူးသေးတယ်။ တပိုတွဲ လပြည့်နေ့မှာ မွန်မြတ်တဲ့ အလှူဒါနတွေ ပေါများပါပေါ့လား ………………
Wednesday, February 4, 2009
အညာ ချဉ်ရေဟင်း

ပါချူးတို့ အညာတစ်ဝိုက်မှာ ဒီအချိန်ဆို နီနီရဲရဲ ပင်လုံးကြွတ် ပွင့်နေတာကို တွေ့လိုက်ရင် လက်ပံပင်တွေလားလို့ ကြည့်ရတာ အမောပါ။ တစ်ပင်လုံးတော့ နီရဲနေတာပဲ အနားကပ်ပြီး ကြည့်လိုက်မှ ပေါက်ပင် ဖြစ်နေပါတယ်။ အော်........ နွေဦးရဲ့ အစကို ရောက်လာပါပေါ့လား။ ဘယ်နေရာကိုပဲ ကြည့်လိုက် ကြည့်လိုက် ပေါက်ပန်းတွေ နီရဲရဲက နေရာယူထားကြတယ်လေ။ လက်ပံပင်တွေကလည်း ပေါက်ပင်တွေနဲ့ အတူ အပြိုင်ပွင့်နိုင်ဖို့ အဖူးလေးတွေ စီရီပြီး ရှိနေကြပြီ။ တစ်ချို့ အပင်တွေကလည်း အားကျမခံ ကြိုးကြား ပွင့်နေကြပြီပေါ့။ နွေသရုပ်ကို အပီအပြင် ဖေါ်နိုင်ဖို့ အားခဲနေကြပြီလေ။
လက်ပံပွင့်ကို ပါချူး ကြိုက်တယ်။ လက်ပံပွင့်ခြောက်ကို ခရမ်းသီးချောက်နဲ့ ရောချက်တာ၊ ကျိုင်းတုံ မုံ့ဟင်းခါးထဲ ထည့်ချက်တာ၊ ချဉ်ရေဟင်းထဲ ထည့်ချက်တာတွေ အမျိုးစုံ လုပ်စားဖြစ်တယ်။ လက်ပံပွင့်ခြောက်ရဲ့ အနံ့ကို ပါချူးစိတ်ထဲမှာ မွှေးတယ်လို့ ထင်တယ်လေ။ လက်ပံပွင့်ခြောက်မှာ ဦးထုတ်လို့ ခေါ်တဲ့ အပေါ်က ပွင့်ဖတ် အမာလေးကို ပိုကြိုက်တယ်။
ပါချူး ဒီနေ့ဟင်းချက်တဲ့ထဲမှာ လက်ပံခေါင်း၊ ချဉ်ပေါင်ရွက်၊ ဒန့်သလွန်သီး ချဉ်ရေလေး ချက်ဖြစ်တယ်။ တောခရမ်းချဉ်သီးလေး၊ ငပိလေးနဲ့ ချက်တာ မြိန်လှတဲ့ ချဉ်ရေဟင်း တစ်ခွက်ပေါ့ကွယ်။ အညာဟင်းလေး အမှတ်တရ မျှဝေလိုက်တယ်နော်.............
Tuesday, February 3, 2009

Monday, February 2, 2009
ငှက်ပျောဖူးသုတ်

သူငယ်ချင်းတို့ရေ..........
ငှက်ပျောဖူးလေးပါ။ ငှက်ပျောသီး အကုန်ထွက်ပြီး နောက်ထပ် အသီး မကျန်တော့တဲ့ အချိန်ဖြစ်ပါတယ်။ ဒီပုံလေးကို တွေ့လိုက်တော့ ငယ်ငယ်က စားခဲ့ရတဲ့ ငှက်ပျောဖူးသုတ် ကလေးကို သတိရမိတယ်။ ငှက်ပျောဖူးကို ချိုးယူပြီး သုတ်စားကြ၊ ချက်စားကြပါတယ်။ ပါချူးကတော့ သုတ်စားဖြစ်ပါတယ်။ ငှက်ပျောဖူးသုတ်ကလေးကို ပြောပြမယ်နော်..................
ငှက်ပျောဖူးကို အခွံရင့်တွေ ကုန်အောင် ဖယ်လိုက်ပါ။ အတွင်းခွံနုတဲ့ အပိုင်းကျန်ရင် အဖူးကန့်လန့် ပါးပါး လှီးလိုက်ပါ။ အကွင်း အကွင်း ကလေးတွေ ရပါမယ်။ ရေနွေး ပွက်ပွက်ဆူ ထဲကို ထည့်ပြုတ် လိုက်ပါ။ အဖတ်ကလေးတွေ အိလာပြီဆို ဆယ်ပြီး ရေကုန်အောင် ညှစ်ထုတ် ပစ်လိုက်ပါ။ ဆီချက်၊ ဆား၊ သံပုရာသီး၊ မြေပဲဆံထောင်းတို့နဲ့ သုတ်စားလို့ ရပါပြီ။
ပါချူးတို့ ငယ်ငယ်ကတော့ အမေကြီး သုတ်ကြွေးတဲ့ ငှက်ပျောဖူး အစိမ်းသုတ်ကို စားခဲ့ရပါတယ်။ လှီးထားတဲ့ ငှက်ပျောဖူးတွေကို ဆားနဲ့နယ် အဖန်ရည်တွေ ညှစ်ထုတ် ပစ်ရပါတယ်။ နောက် ရေစင်စင်ဆေးပြီး ဆီချက်၊ မြေပဲဆံထောင်းနဲ့ သုတ်ပါတယ်။ အချဉ်သုတ်အတွက် စောင်းယားသီး (ဇောင်းရားသီး)ကို လှီးပြီး ငှက်ပျောဖူးဖတ်တွေနဲ့ နယ်ထားပါတယ်။ ညနေမှာ သုတ်မယ်ဆို မနက်ပိုင်းမှာ နယ်ထားရင် ရပါတယ်။ အခုနေ အမေကြီး ရှိသေးတယ်ဆိုရင် ပါချူးတို့ကို သုတ်ကြွေးဦးမယ်ထင်တယ်။ လွမ်းတယ် အမေကြီးရယ်……..
