မကောင်းတာကို
ကြောက်ပြီး
မကောင်းလုပ်သူကို
သနားလိုက်စမ်းပါ ။
မကောင်းတဲ့သူကို
စိတ်ဆိုးလိုက်တာနဲ့
ကိုယ်ပါ
သနားစရာ သတ္တ၀ါစာရင်း
ဝင်သွားပြီ ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)
Thursday, April 17, 2008
Tuesday, April 15, 2008
ကြည့်ပါဦး သကြားမင်းရယ်
တူးပို့ တူးပို့ဆိုပီး
အော်မြည်လာတဲ့ အသံလေး
လူအားလုံးရဲ့စိတ်ကို ပျော်ရွှင်မြူးတူးစေခဲ့တယ်။
ပန်းပိတောက်တွေ ပွင့်ဖူး
တစ်ပင်လုံး ရွှေဝါရောင်ပြောင်း
လောကတစ်ခုလုံးကို မွှေးကြိုင်စေခဲ့တယ်။
"နှောင်ဒိန်း"ဆိုတဲ့ ဗျောစည်သံ
လူ့ပြည်ကို စောင့်ကြည့်ဘို့
သကြားမင်းကြီးကြွလာကြောင်း သတိပေးခဲ့တယ်။
သင်္ကြန်တွင်း အခါကာလ
ပျော်မြူးကြ လွတ်လပ်စွာနှင့်
ကုသိုလ်ကောင်းမှု အသွယ်သွယ်ယူလို့
ကောင်းလိုက်တဲ့ စိတ်လွတ်လပ်မှု။
စိတ်ထဲမှာ တင်းကြတ်လို့
လွတ်လပ်မှု ပျောက်ဆုံးသလို
လူ့ပြည်က ပါချူးကို
သကြားမင်းကြီးရယ် ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဦး။

Saturday, April 12, 2008
တမာအလွမ်း
အညာမှာ မိုးမရွာဘဲ လေတွေဘဲ တိုက်နေတယ်။ နေ့လည်ပိုင်းဆို ပူလိုက်တာ တော်တော် အခံရခက်တယ်။ သင်္ကြန်ရက်ကလည်း နီးနေဘီ ပိတောက်တွေ ပွင့်တော့မှာလားလို့ အပင်ပေါ်ကို မော့ကြည့်ရတာလဲ ဇက်ကျိုး တော့မယ်။ မိုးပြေးလေး တစ်ချက်လောက် ရွာလိုက်ရင်တော့ ပိတောက်တွေ ပွင့်ဘို့ အားခဲနေတဲ့ အငုံကလေး တွေကို တွေ့နေရတယ်။ မိုးကလည်း တစ်ဖျစ်လောက်တော့ ရွာသင့်နေဘီ။ နေ့ပိုင်းဒီလောက် ပူနေတာကို ဘာဖြစ်လို့များ မိုးမရွာတာလဲ။

သင်္ကြန်အကြိုနေ့ ရောက်ပီဆိုရင် သင်္ကြန်ကြိုအိုး လုပ်ကြရတယ်။ တာအိုးလေး ထဲမှာ ရေထဲ့ပီး ပန်းမျိုးစုံ ထိုးကြတယ်။ တစ်နှစ်လုံး ကျန်းမာရေး ကောင်းဘို့အတွက် တမာပန်းဟာ မပါမဖြစ်ပန်းပါ။ တမာနံ့လေး တသင်းသင်းနဲ့ တာအိုးလေးဟာ မြန်မာမှုမှာ ချစ်စရာလေးလို့ မကြီးမြင်တယ်။
နောက်ပီး တမာပန်းနံ့ကို ရှူရင် ပန်းနာရင်ကျပ် ရောဂါရှိသူတွေအတွက် ဆေးတစ်ခုလို့ မကြီးကြားဘူးတယ်။ အော်..... တမာရယ် တန်ဘိုးကြီးလိုက်တာ။
အညာနဲ့ တမာဟာ ခွဲခြားလို့ မရသလို တမာနဲ့ သင်္ကြန်ဟာလည်း ခွဲခြားလို့ မရဘူးလေ။ အဲလိုဘဲ အညာသူဖြစ်တဲ့ မကြီးပါချူးနဲ့ တမာဟာလည်း ခွဲလို့ရဘူးလို့ ထင်ထားခဲ့တာ။ တမာကို ခွဲခဲ့ရတာ နှစ်တွေကြာနေ ဘီလေ တမာရှိတဲ့ဆီကို ပြန်လာချင်ပေမဲ့ ပြန်လာလို့ မရဘူး။ တမာကို လွမ်းရုံဘဲ လွမ်းနိုင်တယ် မမြင်နိုင်ဘူး။ တမာကို ခွဲလာခဲ့ရတာ ကြာနေပေမဲ့ သင်္ကြန်ရောက်တိုင်း အမှတ်ရနေတယ် သတိရနေသေးတယ်။ လွမ်းတယ် တမာရယ်.....................

သင်္ကြန်ရောက်ပီဆိုရင် မိုးရွာရွာ မရွာရွာ ပွင့်တဲ့ ပန်းရှိတယ်။ သူကတော့ သစ္စာမပျက် နှစ်စဉ်ပုံမှန်ပွင့်တယ်။ တမာပန်းပါ။ အညာမှာ တမာပင်တွေ တန်းစီပြီး ရှိနေတာ ပေါမှ ပေါဘဲ။ တမာရွက် စိမ်းစိမ်းလေးပေါ်မှာ အပွင့်သေးသေး အဖြူရောင် ပန်းခက် ကလေးတွေ တွဲလွဲကျနေတာကိုက တစ်မျိုးချစ်စရာ လေးပေါ့။ တမာပန်းရဲ့ သင်းပျံ့တဲ့ ရနံ့ကလေးကို မကြီး ကြိုက်တယ်လေ။ အညာမှာ တမာနံ့ကလေးမှ မရရင် သင်္ကြန် မမည်ဘူးလို့ မကြီးထင်တယ်။
နောက်ပီး တမာပန်းနံ့ကို ရှူရင် ပန်းနာရင်ကျပ် ရောဂါရှိသူတွေအတွက် ဆေးတစ်ခုလို့ မကြီးကြားဘူးတယ်။ အော်..... တမာရယ် တန်ဘိုးကြီးလိုက်တာ။
အညာနဲ့ တမာဟာ ခွဲခြားလို့ မရသလို တမာနဲ့ သင်္ကြန်ဟာလည်း ခွဲခြားလို့ မရဘူးလေ။ အဲလိုဘဲ အညာသူဖြစ်တဲ့ မကြီးပါချူးနဲ့ တမာဟာလည်း ခွဲလို့ရဘူးလို့ ထင်ထားခဲ့တာ။ တမာကို ခွဲခဲ့ရတာ နှစ်တွေကြာနေ ဘီလေ တမာရှိတဲ့ဆီကို ပြန်လာချင်ပေမဲ့ ပြန်လာလို့ မရဘူး။ တမာကို လွမ်းရုံဘဲ လွမ်းနိုင်တယ် မမြင်နိုင်ဘူး။ တမာကို ခွဲလာခဲ့ရတာ ကြာနေပေမဲ့ သင်္ကြန်ရောက်တိုင်း အမှတ်ရနေတယ် သတိရနေသေးတယ်။ လွမ်းတယ် တမာရယ်.....................
Wednesday, April 9, 2008
ပုံမှန်ဖြစ်ပါစေ
ကိုယ့်ကိုယ်လဲ
သိပ်အထင်မကြီးနဲ့
ထိန်းမနိုင်သိမ်းမရ ဖြစ်တတ်တယ်။
ကိုယ့်ကိုယ်လဲ
သိပ်အထင်မသေးနဲ့
ကြိတ်ပြီးရူးသွားတတ်တယ်။
ဘယ်ဟာမှ မကောင်းဘူး
ရမ်းမလုပ်နဲ့
ပုံမှန်ဖြစ်ပါစေ။
(ဓမ္မဒူတ ဆရာတော်ကြီး အရှင်ပညာဇောတ)
သိပ်အထင်မကြီးနဲ့
ထိန်းမနိုင်သိမ်းမရ ဖြစ်တတ်တယ်။
ကိုယ့်ကိုယ်လဲ
သိပ်အထင်မသေးနဲ့
ကြိတ်ပြီးရူးသွားတတ်တယ်။
ဘယ်ဟာမှ မကောင်းဘူး
ရမ်းမလုပ်နဲ့
ပုံမှန်ဖြစ်ပါစေ။
(ဓမ္မဒူတ ဆရာတော်ကြီး အရှင်ပညာဇောတ)
Tuesday, April 1, 2008
ငယ်ငယ်တုံးက.............(၃)
မကြီးပါချူးတို့ ဘုတလင်မြို့၊ အထက ကျောင်းကြီးက စာသင်ဆောင်ပေါင်း ၇ဆောင်ရှိတယ်။ ရုံးခန်းတစ်ဆောင်၊ စာကြည့်တိုက် တစ်ဆောင်ရောဆို ၁၁ဆောင်ပေါ့။ အဆောင်တွေကို ကျောင်းစည်းရိုးနား ကပ်ပီး ဆောက်ထားတာ အ၀ိုင်းလိုက်ကြီးပေါ့။ ကျောင်းဝင်းကြီး အလည်ကောင်မှာ ကုက္ကိုပင်ကြီးတွေက အောက်ခြေရှင်းပီး အပေါ်မှာ သစ်ခက်ချင်း ယှက်နေကြတာ။ နေပျောက်မထိုးဘူး အရိပ်ကောင်းတယ်။ အဲဒီကွင်းထဲမှာဘဲ ဘောလုံးကွင်း ရှိတယ်။ ဘောလုံးကွင်းထဲမှာ ထုတ်စည်းတိုးကွင်း ဖေါက်ပေးထားတယ်။ စာသင်ဆောင် အားလုံးကို ဘုတလင်မြို့က နာမည်ကျော်တွေရဲ့ နာမည်တွေကို ပေးထားတယ်။ သံချိုဆောင်၊ မြ၀တီဆောင်၊ ဗန္ဓကဆောင်၊ ဗန္ဓုလဆောင်၊ ခုံမင်းကြီးဆောင်၊ ကတ်ဆောင် (နောက်မှတိုးပီး ကပ်မိုးကပ်ကာနဲ့ ဆောက်ထားလို့ပါ)၊ ခွင့်လွှတ်ပါ နောက်တစ်ဆောင် နာမည်က မကြီးမေ့နေတယ်။ စာကြည့်တိုက် အဆောင်ကိုတော့ ဆရာတော်ဗုဓ်ဆောင် ဆိုပီး နည်မည်တွေ ပေးထားတယ်။
မကြီးတို့ ပထမတန်းက အဆောင်က သံချိုဆောင်ပါ။ တစ်ထပ်ဆောင် လှေခါး ၃ထစ်ရဲ့အောက်မှာ အုတ်ခုံတစ်ခုခံထားတယ်။ အဲဒီအုတ်ခုံဟာ မကြီးတို့ ကျောက်တံသွေးတဲ့ နေရာပေါ့။ မကြီးပါချူး ပထမတန်းမှာ အတန်းစတက်တော့ မေမေက ကျောင်းကို လိုက်မပို့တော့ဘူး။ မကြီးထက် အကြီး မမကြီးကဘဲ မကြီးနှင့် ညီမလေးကို ကျောင်းလိုက်အပ်ပေးတယ်။ အဲဒီအချိန်မှာ မမကြီးက ၅တန်းကိုရောက်နေဘီ။ မကြီးက ပထမတန်း ညီမလေးက သူငယ်တန်း။ကျောင်းသွားရင် တစ်ပတ်မှာ ၂ခါလောက် မေမေက ဘိန်းမုန့် အကြီးကြီးတစ်ခုစီ ၀ယ်ကြွေးတယ်။ တစ်ခုကို ၂၅ပြား ပေးရတယ်။ မကြီးကြိုက်တယ်လေ။ ကျောင်းမှာဝယ်စားဘို့ မုန့်ဘိုးက တစ်ယောက်ကို ၁၀ပြားစီရတယ်။ မကြီးနှင့် အငယ်မက အဆောင်တစ်ခုတည်းမှာ တက်ရတာ။ သွားအတူ လာအတူပေါ့။ ကျောင်းဆင်းဘီဆိုရင် မကြီးက အငယ်မအတန်းကို သွားပီး ခေါ်ရတယ်။
တစ်နေ့မှာ နေ့လည် (၁၁)နာရီ ကျောင်းဆင်းတော့ လှေခါးမှာ စုပြုံတိုးဝှေ့ပီး တွန်းရင်း ထိုးရင်း ဆင်းကြ တာပေါ့။ ညီမလေးကို တစ်ယောက်က တိုးလိုက်တာ ညီမလေးက မထိမ်းနိုင်ဖြစ်ပီး အောက်ကို ကျမယ်လုပ်တာ မကြီးက လှမ်းဆွဲပီး ဖက်လိုက်တယ်။ မကြီးလဲ မထိမ်းနိုင်ဖြစ်ပီး လဲကျသွားတာ လှေခါးသုံးထစ်ရဲ့ အလယ်ထစ်မှာ မကြီးက အောက်က အငယ်မက အထက်က လဲကျသွားတယ်။ ဒါပေမဲ့ မကြီးခြေထောက်က လှေခါးဆံကြားထဲမှာ ရောက်သွားတော့ ကလန့်လိုက်သလို ဖြစ်သွားတယ်။ ဆရာမတွေလာကူပီး ဆွဲထူမှ ရတယ်။ မကြီးက ခြေထောက်နာလို့ ငိုနေတဲ့ အချိန်မှာဘဲ မေမေရောက်လာတယ်။ မကြီးခြေထောက်ကို ကြည့်ပီး သမီး ဘိန်းမုန့် သွားစားရအောင် မေမေ၀ယ်ကြွေးမယ် သွားစို့ဆိုပီး လမ်းလျှောက်ခိုင်းတယ်။ မကြီးက လမ်းလည်း မလျှောက်နိုင် ဘိန်းမုန့်လည်း စားချင် ဘယ်လိုလုပ်ရမှန်း မသိဘူး။ မေမေ့ကို သမီးမသွားနိုင်လို့ သွားဝယ်ပေးပါ ဆိုပီး ပြောရင်းနဲ့ ငိုနေတာပေါ့။ မေမေကတော့ သိလိုက်တယ် ချက်ချင်း မကြီးကိုချီပီး ဆေးရုံကို ခေါ်သွားတယ်။ ဆရာဝန်က စစ်ဆေးပီး ဓါတ်မှန်ရိုက်ယူခဲ့ဘို့ မေမေ့ကို ပြောလိုက်တယ်။ မကြီးခြေထောက် ကိုတော့ ကြပ်စီးပေးလိုက်တယ်။
မကြီးတို့ငယ်ငယ်က ဘုတလင်မြို့မှာ ဓါတ်မှန်ရိုက်တဲ့စက် မရှိသေးဘူး။ မုံရွာကိုသွားပီး ရိုက်ရတယ်။ မုံရွာ မှာလည်း ဆေးရုံကြီးမှာဘဲ ရှိတယ် အပြင်ဆေးခန်းတွေမှာ ဓါတ်မှန်ခန်းရှိသေးဘူး။ မကြီးခြေထောက်ကို ဓါတ်မှန်ရိုက် သွားမယ်ဆိုတော့ ဖေဖေကလည်းမရှိဘူး။ အိမ်ဘေးနားက အစ်မကြီး တစ်ယောက်ကို ခေါ်ပီးသွားရတယ်။ ဘုတလင်နဲ့ မုံရွာက (၂၁)မိုင်ဘဲဝေးတာ ဒါပေမဲ့ ကားကလည်းရှားတော့ မုံရွာဆေးရုံကို ညနေ ၄နာရီမှရောက်တယ်။ ရောက်ပြန်တော့လည်း မီးမလာဘူးတဲ့ ဓါတ်မှန်က ရိုက်လို့မရသေးဘူး။ ည(၈)နာရီမှ မီးကလာမယ်ဆိုတော့ မီးလာအောင် စောင့်ရုံဘဲ ရှိတော့တာပေါ့။ မကြီး ရေဆာလာတာနဲ့ မေမေက ရေနွေးတောင်းပေးတယ် ပူလို့ မသောက်နိုင်တာနဲ့ မသောက်ဘဲ ရေငတ်ဘဲ ခံလိုက်တယ်။ ည(၈)နာရီထိုးတော့ မီးလာတာနဲ့ ဓါတ်မှန်ရိုက်တယ်။ ပီးတော့ ဘုတလင်ကို ပြန်ဘို့ရာ ကားမရှိတော့တာနဲ့ မေမေ့သူငယ်ချင်းအိမ်ကို သွားအိပ်ကြရတယ်။ ည(၁၀)နာရီတောင် ထိုးပီးဘီ။ ဆိုင်ကနေ ခေါက်ဆွဲကြော်နှစ်ထုတ် မေမေက ၀ယ်လာပီး ညနေစာ ဖြေရှင်းကြတယ်။ မစားနိုင်ကြဘူး အထုတ်အတိုင်းဘဲ လွှင့်ပြစ်လိုက်ရတယ်။ နောက်နေ့ မနက်စောစော အိပ်ရာကထပီး ဘုတလင်ကို ပြန်လာကြတယ်။ မကြီးမှာ ပင်ပန်းလိုက်တာ မေမေဆို စိတ်ရော လူရော ပိုပင်ပန်းတာပေါ့။
မေမေက မကြီးခြေထောက်ကျိုးတဲ့ ဓါတ်မှန်ကို ဆရာဝန်ကိုပြတော့ ဆရာဝန်က မယုံနိုင်ဘူးဖြစ်နေတယ်။ မကြီးခြေထောက် (ညိုသကြီးရိုး)က တည့်မကျိုးဘဲ တစောင်းကျိုးလို့လေ။ သူတို့လည်း တစ်ခါမှ မကြုံဘူးလို့ပါတဲ့ ဓါတ်မှန်ရိုက်တဲ့အချိန်တုံးက မကြီးများ ခြေထောက်ကို လှုတ်လို့လားဆိုပီး မေးတယ်။ နော်တစ်ခါပြန်ရိုက်ရတယ် ဒီတစ်ခါတော့ ဆရာဝန်ကြီးက သူကိုယ်တိုင်လိုက်လာပီး ဆေးရုံကားနဲ့ဆိုတော့ မကြီးလည်း သက်သာတောပေါ့ အဲဒီရက်က ဖေဖေလည်း ရောက်နေဘီ။ ဓါတ်မှန်ပြန်ရိုက်တော့လည်း အရင်ပုံအတိုင်းဘဲ ပြန်ထွက်လာတော့မှ ဆရာဝန်ကြီးက စိတ်ချသွားတယ်။ ကျော်ပတ်တီး စည်းခိုင်းတော့တယ်။ ခြေထောက်ကို သစ်သားပြား ကြတ်စည်းနဲ့ နေရတာ တစ်ပါတ်နီးပါးလောက်ရှိသွားတယ်။ မကြီးကျိုးတဲ့ ခြေထောက်ကို ရိုက်ထားတဲ့ ဓါတ်မှန်ကို ထူးခြားဖြစ်စဉ်ဆိုပီး ဆေးရုံက တောင်းပီး ယူထားလိုက်ကြတယ်။
မကြီးကို အိမ်ပေါ်ကနေ အိမ်အောက်ကို အဆင်းမခံဘူး အိပ်ရာနားမှာဘဲ စားစရာ ကစားစရာ အားလုံး ပေးထားတယ်။ ဒါပေမဲ့ မကြီးဘဲလေ မတ်တတ်ရပ်ပီး မသွားနိုင်တော့ ဖင်ထရွတ်ဆွဲသွားပီး ဆော့တာပေါ့ ဒါပေမဲ့ အိမ်ပေါ်မှာဘဲလေ။ သူငယ်ချင်းတို့ရော ဖင်ထရွတ်ဆွဲပီး တစ်လခွဲကြာအောင် ဘယ်သူ ဆော့ဘူးလဲ ဟင်...... ။
Monday, March 31, 2008
ငယ်ငယ်တုံးက.............(၂)
မကြီး ကျောင်းစနေတော့ အပျော် သူငယ်တန်းကို မနေလိုက်ရဘူး။ သူငယ်တန်းကြီး ကနေ စပီး နေရတယ်။ ဘုတလင်မြို့က အထက်တန်း ကျောင်းမှာဘဲ စတက်တာလေ။ တစ်မြို့လုံးလည်း ဒီတစ်ကျောင်းဘဲ ရှိတာ (ဟီး.... ကြွားတာ)။ မြို့နားလေးက ရွာတွေမှာလဲ မူလတန်းကျောင်း တွေရှိတယ် မကြီးတို့ငယ်ငယ်က နာမည်အကြီးဆုံး ကျောင်းက မြောက်ကြည်ရွာ က မူလတန်းကျောင်းပါ။
မေမေက ကျောင်းအပ်ဖို့ ကျောက်သင်ပုန်း တစ်ချပ်နဲ့ ကျောက်တန် နှစ်ချောင်းကို လွယ်အိတ်ကလေးထဲကို ထဲ့ပေးပီး လွယ်လာပေးပြီး ကျောင်းကို လိုက်လာတယ်။ ကျောင်းအပ်ပီး မကြီးထိုင်ရမဲ့ ရှေ့ဆုံးခုံကို မေမေက လွယ်အိတ်ချပေးပီး လွယ်အိတ် မပျောက်ဘို့ မကြီးကို မှာပီး ပြန်သွားတယ်။ မကြီးလည်း လွယ်အိတ် ကလေး ကိုင်ပီး အတန်းမှာ ထိုင်နေခဲ့တာပေါ့။ မကြီးတို့ သူငယ်တန်း အတန်းပိုင် လက်ဦးဆရာက ဆရာမကြီး ဒေါ်သိန်းပါ။ ပိန်ပိန်ပါးပါး နှာတံပေါ်ပေါ် မျက်ခုံးမျက်လုံး ကောင်းတယ်။ စာကြည့်မှ မျက်မှန်တပ်တယ်။
မကြီးတို့ ခေတ်က စာရေးဘို့ ကျောက်သင်ပုန်း၊ ကျောက်တံကိုဘဲ သုံးရတာလေ။ ကျောက်ခေတ်ပေါ့ဟာ။ ဆရာမကြီး ဒေါ်သိန်းက ကျောင်သင်ပုန်းရဲ့ သစ်သား ဘောင်တွေကို နာမည်ကလေးတွေ လိုက်ရေးပေးတယ်။ တစ်ချို့က လွယ်အိတ် မပါဘူး ကျောက်သင်ပုန်းနဲ့ ကျောက်တံနဲ့ဘဲ ကိုင်လာတာ။ ဘောင်မပါတဲ့ ကျောက်သင်ပုန်းကို ကိုင်လာတဲ့သူလည်းရှိတယ်။
အဲဒီမှာ စတော့တာဘဲ........... မကြီးတို့ အတန်းထဲမှာ နှင်းမှုံ ဆိုတဲ့တစ်ယောက် ရှိတယ်။ သူကိုင်တဲ့ ကျောက်သင်ပုန်းက ဘောင်မပါဘူး။ ကျောက်သားအနက် ဘဲရှိတယ်။ စွာလဲတော်တော်စွာတယ်။ ပါးစပ်တင်မဟုတ်ဘူး လက်ပါ ပါတယ်။ သူကဘဲရန်သွားစ ပီးရင် ကျောက်သင်ပုန်းနဲ့ အရင် ခုတ်ချ လိုက်တယ်။ နေ့တိုင်း ခေါင်းပေါက် ထိပ်ပြဲတွေဖြစ်နေတယ်။ ဆရာမကြီးကလည်း ဆိုဆုံးမတယ်၊ ရိုက်တယ်။ ဒါပေမဲ့ မရဘူး။ ဆရာမတွေ လစ်ရင် လစ်သလို လုပ်နေတာ။ ဆရာမကြီးလည်း ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတယ်။
မကြီးတို့ အတန်းမှာ နှင်းမှုံ အကျယ်ခံရတဲ့သူ မရှိသလောက် ဖြစ်နေဘီ။ အားလုံးလည်း သူ့လက်ချက်ကနေ မလွတ်ဘူး။ ဒါဏ်ရာတွေ ကိုယ်စီနဲ့ ဖြစ်ကုန်ကြဘီ။ နောက်နေ့မှာ မကြီး အလှည့်ဘဲလို့ ထင်လိုက်တယ်။ ကျောင်းကို မသွားချင်ဘူး ကြောက်နေတယ်။ ကိုယ်ကလည်း မလုပ်ချင်ဘူး။ ကိုယ်အလုပ် ခံရမှာလည်း မခံချင်ဘူး။ ကျောင်းမသွားရင်လည်း မေမေကို ကြောက်လည်း ကြောက်တယ်။ ဘာလုပ်ရမှန်းလည်း မသိဘူး ဖြစ်နေတယ်။
နောက်နေ့မှာ ကြောက်ကြောက်နဲ့ ကျောင်းကို စောစောလာပီး သူငယ်ချင်းတစ်တွေကို စုလိုက်တယ်။ သူငယ်ချင်း (၆)ယောက်ရတယ်။ (၆)ယောက်ထဲက တစ်ယောက်ယောက်ကို အကျယ်ခံရရင် ကျန်တဲ့ (၅)ယောက်က ၀ိုင်းကူပေးကြေး ဆိုပီး သဘောတူ လိုက်ကြတယ်။ သွေးသောက်ဖွဲ့သလိုပေါ့။
ထင်တဲ့အတိုင်းဘဲ မကြီးတို့ထဲက တစ်ယောက်ကို နှင်းမှုံ ကျယ်တာခံရတယ်။ ခေါင်းကို ကျောက်သင်ပုန်းနဲ့ ခုတ်မလို့ ရွယ်ထားတယ်။ မကြီးတို့ သူငယ်ချင်း (၅)ယောက်က စာရေးတဲ့ ခုံတွေပေါ် တက်ပီး သူ့ကို ကျောက်သင်ပုန်း ကိုယ်စီနဲ့ ရွယ်လိုက်ကြတယ်။ နှင်းမှုံလည်း ဆက်မလုပ်ရဲ၊ မကြီးတို့ကလည်း ကျောက်သင်ပုန်းတွေ ရွယ်ထားတာကို မချရဲနဲ့ အချိန်တော်တော် ကြာသွားတယ်။ မကြီးတို့ အဖွဲ့ ဖြစ်ပျက် နေတာကို ဆရာမတွေက နေ့လည်စာ ထမင်းစားနေကြလို့ မသိကြဘူး။ ကြာလာတော့ နှင်းမှုံလည်း အော်ငိုတော့တာဘဲ။ ဒီအထိ မကြီးတို့ ရွယ်ထားတဲ့လက်က မချရဲဘူး။ ဆရာမတွေ ပြေးလာတော့မှ လက်တွေ ချလိုက်ကြတယ်။ ဆရာမတွေက စစ်ဆေးတာပေါ့။ မကြီးတို့ (၆)ယောက်လည်း တစ်ယောက်တစ်ပေါက် ဆူညံနေအောင် ပြောလိုက် ကြရတာ.... ဆရာမကြီးက အပြစ်မှ လွတ်စေတဲ့။ အဲဒီနေ့က ပျော်လိုက်ကြတာ မကြီးတို့ သူငယ်တန်းမှာ သွေးမထွက်တဲ့ နေ့ဘဲ။ ပိုပီး ပျော်စရာ ကောင်းတာက နှင်းမှုံဟာ အတန်းထဲမှာ နောက်ထပ် ဘယ်သူ့ကိုမှ မကျယ်ရဲတော့တာဘဲ။

Tuesday, March 25, 2008
ငယ်ငယ်တုံးက.............(၁)

ဒီလို နွေဦးအချိန် နေတွေပူ၊ လေတွေတိုက်၊ မိုးတွေရွာဘီဆို မကြီးပါချူး မှတ်မိနေတဲ့ အချိန်ကလေးတွေကို အတွေးစက ပြန်ရောက်သွားတယ် ....
မကြီးပါချူးတို့ ငယ်ငယ် (၆-နှစ်) တုံးက ဒီလိုမျိုးနွေဦးရာသီ တစ်ခုမှာ အိမ်ပြောင်းဘို့ သေတ္တာတွေ အိတ်တွေထဲကို ပစ္စည်းတွေထဲ့ပီး မေမေက မကြီးအပါအ၀င် သမီး (၃)ယောက်ကို လက်ဆွဲပီး ကားကြီးနဲ့ ထွက်ခဲ့ကြတယ်။ အဲဒီအချိန်မှာ ဖေဖေက မရှိဘူး အလုပ်တာဝန်ကျတဲ့ဆီကို သွားနေရလို့။ မကြီးတို့ အခုနေတဲ့ အိမ်နေရာကိုပေါ့။ အဲဒီအချိန်တုံးက လယ်ကွင်းတွေကို ပေ(၈၀x၈၀) အိမ်အကွက်ရိုက်ပီး ရောင်းတာကို ငွေ ၅၀၀ိ/ကျပ်နဲ့ ၀ယ်ရတယ်။ မကြီးတို့အကွက်က ရေကန်ကြီးနဲ့ ကပ်ရက် ညောင်ပင်ကြီးနှစ်ပင် အောက်မှာ။ လယ်ကန်သင်းရိုးတွေ ရှိနေတုံးဘဲ။ မကြီးတို့ အညာက ရေရှားတော့ နွေရာသီမှာ ကန်မကြီးနဲ့ကပ်လျှက် ရှိနေတဲ့ အိမ်တွေဘဲ ရေပေါတယ်။ အဲဒီရေကန်ကြီးကလည်း တစ်မြို့လုံး သုံးတာလေ။ ဒါကြောင့်မို့ ဖေဖေက ရေအတွက် စိတ်မပူရအောင် သေချာရွေးပီး ၀ယ်လိုက်တာ။ အဲဒီအချိန်တုံးက မကြီးတို့ ရပ်ကွက်မှာ အိမ်ဟောင်း(ရှိပီးသားအိမ်)က (၂)အိမ်၊ မကြီးတို့နဲ့ တစ်ရက်တည်း တိုင်ထူတဲ့အိမ်က (၁)အိမ်၊ မကြီးတို့အိမ်ရယ်ဆိုရင် စုစုပေါင်း (၄)အိမ်ဘဲရှိသေးတာ။
မေမေက မကြီးတို့ ကလေး(၃)ယောက်ကို ညောင်ပင်ကြီးအောက်မှာ ဖျာခင်းပီးနေခိုင်းတယ်။ ညောင်ပင်တစ်ပင်လုံး နီရဲပီး အရွက်သစ်တွေထွက်တဲ့ အချိန်လေ။ အိမ်ဆောက်ကြမဲ့ လက်သမားတွေ ရောက်လာတယ်၊ ဖေဖေလည်း ရောက်လာတယ်။ တိုင်ထူတဲ့သူကထူ ရွေဘော်ထိုးတဲ့သူကထိုးနဲ့ အားလုံး မနားကြဘဲ အလုပ်လုပ် နေကြတယ်ဆိုတာ မကြီးမှတ်မိနေတယ်။ မကြီးတို့အိမ်က တိုင်ထူပီးတော့ နောက်အိမ်က တိုင်ထူဘို့ လူလိုတာနဲ့ ဖေဖေက သွားကူပေးလိုက်သေးတယ်။ မကြီးတို့ ညီအစ်မ (၃)ယောက်လည်း ဖျာကလေးပေါ်မှာ ကစားလိုက်ကြ စားလိုက်ကြနဲ့ ပျော်နေကြတာပေါ့။ နေ့ပိုင်းမှာ ညောင်ပင်ရိပ်က ကောင်းကောင်း မရတော့ ပူလိုက်တာ။ ဖျာပေါ်ကနေ ဘယ်မှ မသွားရဘူးလို့ မေမေက ပြောထားတော့ နေစရာ ကလည်းမရှိ။ ညနေစောင်းတော့ မေမေ့ သူငယ်ချင်း အန်တီကြီးက မကြီးတို့ ညီအစ်မတစ်တွေကို ထမင်းကြွေးဘို့ သူ့အိမ်ခေါ်သွားတယ်။ ပဲထမင်း၊ ခရမ်းသီးခြောက်ချက်၊ မန်ကျီးရွက် ချုဉ်ရေဟင်းကို ကြွေးတယ် မကြီး အကြိုက်ဘဲလေ။ စားလို့ ကောင်းလိုက်တာ၊ မကြီး အခုချိန်ထိ မှတ်မိ နေသေးတယ်။
မကြီးတို့ အိမ်က နှစ်ဆောင်ပြိုင် ၄ခန်းx၃ခန်း၊ နောက်အဆောင်ကို ကြမ်းအပြည့် ခင်းထားတာ။ ညပိုင်းမှာ အညာရဲ့ ထုံးစံအတိုင်း နေ့ပိုင်း အပူလွန်ပီးရင် ညပိုင်း မိုးရွာတော့တာပေါ့။ အိမ်ကလည်း ကြမ်းခင်း၊ အမိုး မိုးပီးရုံဘဲ ရှိသေးတယ်။ အကာတွေ မကာရသေးဘူး။ မိုးတွေက တဝေါဝေါရွာ၊ လေတွေကတိုက် ဆိုတော့ အကာမရှိတဲ့အိမ်မှာ မိုးပက်တော့တာပေါ့။ မကြီးတို့ ကလေးတွေ အိပ်နေတဲ့ ပတ်လည်ကို ဗီရိုတွေကာ၊ သေတ္တာတွေ ဆင့်ပီးကာ၊ ခြင်ထောင် အထူကြီးထဲမှာ မကြီးတို့ ကလေးတွေကို ဖေဖေနဲ့ မေမေက ငုတ်တုတ် ထိုင်ပီး ထီးတွေဆောင်းပေး နေကြတာကို မကြီးတစ်ရေးနိုးလို့ မျက်လုံးလေး ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာ တွေ့လိုက်ရတဲ့ မြင်ကွင်းကို အခုထိမမေ့သေးဘူး။
Saturday, March 22, 2008
တိတ်ဆိတ်

ကန်ရေဖွေးဖွေး လေအေးအေးမှာ
သူငယ်ချင်းအပေါင်း စုပေါင်းအတူ ထိုင်ခဲ့ဘူးတယ်။
ရှေးဟောင်းနှောင်းဖြစ် လွမ်းမောစရာတွေ
ဟာသတွေလဲ ပြောခဲ့ဘူးတယ်။
ဂစ်တာတီးရင်း သီချင်းဆိုလို့
မြူးတူးရယ်မော ပျော်ခဲ့ဘူးတယ်။
အခုဘာတွေ လုပ်နေလဲလို့
တိုင်ပင်နှီးနှော ပြောခဲ့ဘူးတယ်။
နောင်... ဘာတွေ လုပ်ကြမလဲလို့
ဆွေးနွေးတိုင်ပင် ခဲ့ကြဘူးတယ်။
ဘ၀အသီးသီး ကိုယ်စီထမ်းလို့
တာဝန်များစွာ ရှိနေကြတော့
အခုတော့လည်း ထိုနေရာမှာ
ထိုင်သူမဲ့လို့ အသံတိတ်ဆိတ်
ငြိမ်သက် ခြောက်သွေ့နေတော့တယ်။
Subscribe to:
Posts (Atom)