Saturday, April 12, 2008

တမာအလွမ်း

အညာမှာ မိုးမရွာဘဲ လေတွေဘဲ တိုက်နေတယ်။ နေ့လည်ပိုင်းဆို ပူလိုက်တာ တော်တော် အခံရခက်တယ်။ သင်္ကြန်ရက်ကလည်း နီးနေဘီ ပိတောက်တွေ ပွင့်တော့မှာလားလို့ အပင်ပေါ်ကို မော့ကြည့်ရတာလဲ ဇက်ကျိုး တော့မယ်။ မိုးပြေးလေး တစ်ချက်လောက် ရွာလိုက်ရင်တော့ ပိတောက်တွေ ပွင့်ဘို့ အားခဲနေတဲ့ အငုံကလေး တွေကို တွေ့နေရတယ်။ မိုးကလည်း တစ်ဖျစ်လောက်တော့ ရွာသင့်နေဘီ။ နေ့ပိုင်းဒီလောက် ပူနေတာကို ဘာဖြစ်လို့များ မိုးမရွာတာလဲ။
neem

သင်္ကြန်ရောက်ပီဆိုရင် မိုးရွာရွာ မရွာရွာ ပွင့်တဲ့ ပန်းရှိတယ်။ သူကတော့ သစ္စာမပျက် နှစ်စဉ်ပုံမှန်ပွင့်တယ်။ တမာပန်းပါ။ အညာမှာ တမာပင်တွေ တန်းစီပြီး ရှိနေတာ ပေါမှ ပေါဘဲ။ တမာရွက် စိမ်းစိမ်းလေးပေါ်မှာ အပွင့်သေးသေး အဖြူရောင် ပန်းခက် ကလေးတွေ တွဲလွဲကျနေတာကိုက တစ်မျိုးချစ်စရာ လေးပေါ့။ တမာပန်းရဲ့ သင်းပျံ့တဲ့ ရနံ့ကလေးကို မကြီး ကြိုက်တယ်လေ။ အညာမှာ တမာနံ့ကလေးမှ မရရင် သင်္ကြန် မမည်ဘူးလို့ မကြီးထင်တယ်။
သင်္ကြန်အကြိုနေ့ ရောက်ပီဆိုရင် သင်္ကြန်ကြိုအိုး လုပ်ကြရတယ်။ တာအိုးလေး ထဲမှာ ရေထဲ့ပီး ပန်းမျိုးစုံ ထိုးကြတယ်။ တစ်နှစ်လုံး ကျန်းမာရေး ကောင်းဘို့အတွက် တမာပန်းဟာ မပါမဖြစ်ပန်းပါ။ တမာနံ့လေး တသင်းသင်းနဲ့ တာအိုးလေးဟာ မြန်မာမှုမှာ ချစ်စရာလေးလို့ မကြီးမြင်တယ်။
နောက်ပီး တမာပန်းနံ့ကို ရှူရင် ပန်းနာရင်ကျပ် ရောဂါရှိသူတွေအတွက် ဆေးတစ်ခုလို့ မကြီးကြားဘူးတယ်။ အော်..... တမာရယ် တန်ဘိုးကြီးလိုက်တာ။
အညာနဲ့ တမာဟာ ခွဲခြားလို့ မရသလို တမာနဲ့ သင်္ကြန်ဟာလည်း ခွဲခြားလို့ မရဘူးလေ။ အဲလိုဘဲ အညာသူဖြစ်တဲ့ မကြီးပါချူးနဲ့ တမာဟာလည်း ခွဲလို့ရဘူးလို့ ထင်ထားခဲ့တာ။ တမာကို ခွဲခဲ့ရတာ နှစ်တွေကြာနေ ဘီလေ တမာရှိတဲ့ဆီကို ပြန်လာချင်ပေမဲ့ ပြန်လာလို့ မရဘူး။ တမာကို လွမ်းရုံဘဲ လွမ်းနိုင်တယ် မမြင်နိုင်ဘူး။ တမာကို ခွဲလာခဲ့ရတာ ကြာနေပေမဲ့ သင်္ကြန်ရောက်တိုင်း အမှတ်ရနေတယ် သတိရနေသေးတယ်။ လွမ်းတယ် တမာရယ်.....................

4 comments:

Thein Min Htike said...

မကြီးရေ.......

ကျွန်တော်လည်း တမာပန်း နံ့ ကိုကြိုက်တယ်။
နွေရာသီဆို ကျွန်တော်တို့ရွာရှေ့က ကားလမ်းပေါ်မှာ တမာပန်း ဖြူဖြူလေးတွေ ပြေးနေတဲ့ မြင်ကွင်းက အညာ လေပူ လေးနဲ့ဆို တော်တော် ခံစားလို့ ကောင်းတယ်။

မကြီး........

ပိတောက်တွေ မြန်မြန်ပွင့်အောင် မိုးရွာပါစေလို့ ဆုတောင်းနေတယ်။

PARCHUU said...

ကျေးဇူးပါ ကောင်းတမန်... မကြီးလည်း ဆုတောင်းနေပါတယ်

အနတ္တ said...

မကြီးရေ… အနော်လည်း တမာကိုကြိုက်တယ်။ ဒါပေမယ့်တမာရွက်ပြုတ်တော့ နည်းနည်းပဲ တို့တယ်။ တမာသွားတိုက်ဆေးတော့မသုံးဖြစ်ဘူး။ နွေထနှောင်း၊ ဆောင်းမန်ကြီး ဆိုပေမယ့် နွေမှာ တမာရိပ်လည်းအရမ်းအေးမြတာပဲလေ။ အရိပ်ကတော့ဘယ်အရိပ်ပဲဖြစ်ဖြစ် အေးမြတာပဲ မဟုတ်လား မကြီးရေ…..

PARCHUU said...

အနတ္တရေ.... ကိုယ်ထင် ကုတင် ခြေလေးချောင်းဟ.......ဟား....ဟား