Thursday, July 24, 2008

ငါအိုသွားသောအခါ

  • ငါအိုသွားသောအခါ ငါဟာအရင်က ငါမဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
  • ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် ဖိတ်စင်သွားသောအခါ အင်္ကျီ လုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့ အခါ အညစ်အကြေးတွေ မထိမ်းသိမ်းနိုင်တော့တဲ့ ငါ့ကို မရွံပါနဲ့ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
  • အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး သီးခံ နားထောင်ပေးပါ။ ငယ်ငယ်တုံးက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ ငါးရာ့ ငါးဆယ် နိပါတ်တော်တွေ ဇတ်ကြီးဖယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
  • မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ မငြိုမငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
  • ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့ ငယ်ငယ်တုန်းက “ ဘာကြောင့်ဆိုတဲ့” မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာတွေကို သတိရပေးပါ။
  • စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို ကုတွဲပေးကြပါ။ လမ်းလျှောက်သင်စ အရွယ်တုံးက တစ်လှမ်းချင်း လှမ်းလျှောက် လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။
  • တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ငါ့ကို ကြည့်ပီး ၀မ်းမနည်းပါနှင့် နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။

  • အလကားရပြီး တန်ဖိုးအကြီးဆုံး အရာ နှစ်ခုရှိတယ် အဲဒါ မိဘမေတ္တာနဲ့ အသက်ရှင်ဖို့အတွက် ရှူတဲ့ လေဘဲ။
  • အစားထိုးမရတဲ့ ဆုံးရှုံးမှု(နှစ်ခု)ရှိတယ်။ အဲဒါမိဘနဲ့ အချိန်ဘဲ။

သူငယ်ချင်းတို့အားလုံး မိဘနဲ့ တွေ့ချိန်တွေမှာ သတိမထားဖြစ်ကြဘဲ လုပ်မိကြတဲ့ အပြုအမူလေးတွေ ရှိပါတယ်။ သတိထားပြီး မိဘကို အလုပ်အကြွေးပြု ဆက်ဆံနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

2 comments:

Anonymous said...

မိဘကို မမေ့ နိုင်တာ သားသမီး တွေတိုင်းပါ။ ဒါပေမယ့် မိဘ တွေကိုတော့ သားသမီး တွေတိုင်း အလုပ် အကျွေး ပြုစု နိုင်ဖို့ ခဲယဉ်း တာကိုတော့ နားလည် ပေးပါ။ အချိန် က ပြန်မရ နိုင်တာကို သိပေမယ့် ရနေတဲ့ အချိန် တိုင်းကို အကျိုး ရှိအောင် အသုံး မချနိုင် တာကို ခွင့်လွတ် ပေးပါ။

မကြီးရဲ့ ပို့စ်တွေကို စိတ်ဝင်တစား အားပေးနေသော...

magyi-parchuu said...

ကျားလေးရေ မကြီးပို့စ်တွေကို အားပေးနေတယ် ဆိုတာကို ကျေးဇူးတင်ပါတယ်။ မိဘကို ချစ်တဲ့ သားသမီးချည်းပါ ကျားလေး။ အခြေအနေ မပေးလို့သာ ဝေးနေကြရတာပါ။