Wednesday, May 28, 2008

ငယ်ငယ်တုံးက.............(၅)

မကြီး ၄တန်းရောက်တော့ သံချိုဆောင်ကို ပြောင်းပြီး ကျောင်းတက်ကြရပါပြီ။ ဘုတလင် အထက ကျောင်းဝင်းကြီးရဲ့ အနောက်ဘက်မှာ သူငယ်တန်း ကနေ ၄တန်းအထိ တစ်စုတစ်ဝေးထဲ ထားပေးတဲ့ နှစ်ထပ် ကျောင်းဆောင်ကြီးပါ။ သံချိုဆောင်ကို မြောက်ဘက် မျက်နှာလှည့်ပီး အရှေ့ အနောက် တန်းဆောက်ထားတဲ့ အဆောင်ကြီးပါ။ မကြီးတို့ ၄တန်းက အတန်း အကြီးဆုံး ဆိုတော့ အပေါ်ဆုံးထပ်မှာ နေရတယ်လေ။ အတန်းပိုင်းဆရာက ဆရာဦးအောင်သန်း၊ ဆရာဦးမောင်ကိုတို့ နှစ်ယောက်ပါ။ စာသင် တော်ကြတဲ့ ဆရာနှစ်ယောက်ပါ။ တစ်ခါသင်လိုက်ရင် စိတ်ထဲမှာ ဆွဲသွားအောင် အသင်ပြကောင်းကြတာပါ။
မကြီး ၄တန်းနှစ်မှာ ထုတ်ဆီးတိုးပြိုင်ပွဲ ၀င်ကြရတယ်။ ခရိုင်ပြိုင်ပွဲဆိုတော့ မုံရွာခရိုင်မှာ ရှိတဲ့ မြို့နယ် ၈မြို့နယ်ကနေ မုံရွာမြို့ကို သွားပြိုင်ကြရမှာပါ။ မကြီးတို့လည်း လေ့ကျင့်ကြတာပေါ့။ စည်းနဲ့ ကမ်းနဲ့ လေ့ကျင့်တာ မဟုတ်ဘူး ပိုဆော့ကြတယ်လို့ ပြောလို့ရတယ်။ ထုတ်ဆီးတိုးပြိုင်ပွဲမှာ ဘယ်လို စည်းမျဉ်း စည်းကမ်းတွေ ရှိတယ်ဆိုတာကို မကြီးတို့ မသိကြဘူး။ အချိန် ဘယ်လောက် ရှိရမယ်ဆိုတာလဲ မကြီးတို့ မသိကြဘူး။ အတန်းပိုင် ဆရာနှစ်ယောက် ကလည်း အတန်း တက်တာ ပျက်ကွက်ရင် အတီးခံရတယ်။ ကြောက်လည်း ကြောက်တယ်။
မကြီးတို့ခေတ်မှာ ၄တန်းကို မြို့နယ်က စာစစ်ဘုတ်အဖွဲ့ဆိုပီး ဖွဲ့ထားတာရှိတယ်။ အဲဒီဘုတ်အဖွဲ့ကနေပြီး မေးခွန်းထုတ်တယ် စာစစ်တယ်။ အဲဒီတော့ စာသင်တဲ့ ဆရာတွေကလည်း အလေးအနက် ထားတယ်။ ကိုယ်မသင် လိုက်ရလို့ မဖြေနိုင်ဘူး ဆိုတာကို အဖြစ် မခံနိုင်ကြဘူး။ စာမေးပွဲနီးရင် ပြန်လှန် လေ့ကျင့်ခန်းဆိုတာ ၃ခါလောက် လုပ်ပေးကြတယ်။ မကြီးတို့က ထုတ်ဆီးတိုး ပြိုင်ပွဲဝင်ရမယ်ဆိုပီး လေ့ကျင့်ချိန်အတွက် အတန်းဖျက်လို့ မရဘူး။ ကျောင်းမတက်ခင် ကျောင်းဆင်းပီး အချိန်မှဘဲ ထုတ်ဆီးတိုးကြရတယ်။
ပြိုင်ပွဲရက်ကိုတော့ မမှတ်မိတော့ဘူး ဒီဇင်ဘာလမှာ ပြိုင်ရတယ် ဆိုတာတော့ မှတ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြိုင်ပွဲနေ့မှာ မုံရွာကို ကားနဲ့ သွားကြရတယ်။ မုံရွာ ဘောလုံးကွင်းထဲမှာ မနက် ၇နာရီမှာ စပီး ထုတ်ဆီးတိုး ကြရတယ်။ ချမ်းလိုက်တာ အင်္ကျီတိုကလေးတွေနဲ့ ဘောင်းဘီတိုလေးနဲ့။ ကောင်းကောင်းလည်း လေ့ကျင့်ထားတာ မဟုတ်။ ထုတ်ဆီး မတိုးခင်မှာ သွေးပူ လေ့ကျင့်ခန်း လုပ်ရမှန်းလည်း မသိ။ ဒီအတိုင်း ၀င်ပီး တိုးလိုက်တာ လူကို ချမ်းလွန်းလို့ တုံနေတာဘဲ။ မေးတွေ တဂတ်ဂတ် ရိုက်နေတယ်။ ဟိုပြေး ဒီပြေးလုပ်တာ မကြီးတို့လည်း ပွဲချိန် တစ်ဝက်လောက်မှ သွေးပူ လာတော့တယ်။ ဘယ်နှစ်မှတ်ဆီ ရတာလဲ ဆိုတာကို မကြီး အခုချိန်ထိ မှတ်မိနေသေးတယ်။ ရှုံးသလားလဲ မမေးနဲ့ ခွက်ခွက်လန်ဘဲ။
ပွဲမ၀င်ခင်မှာ ဘာမှာ ကောင်းကောင်း မသိဘူး။ ကြိုတင် ပြင်ဆင်မှုလဲ ဘာမှ လုပ်မသွားဘူး။ ပွဲတစ်ခုရဲ့ စည်းမျဉ်း စည်းကမ်း ဆိုတာတွေကို ဘာမှ မသိတာဟာ တစ်ပန်း ရှုံးတာဘဲ။ ဘာကို လုပ်သင့်တယ် ဘာကို မလုပ်ရဘူးဆိုတာ သိမထားဘူး။ တစ်ဘ၀စာ သင်ခန်းစာ ရစရာပါဘဲ။ ဒါပေမဲ့ အခုချိန်ထိ မကြီး အားလုံးကို လိုက်မလုပ်နိုင်သေးပါဘူး။ ဒါဟာ မကြီးပါချူးပါ။

No comments: