Wednesday, May 14, 2008

သူငယ်ချင်းတို့ရေ မကြီး ခရီးသွားတာကနေ ပြန်ရောက်နေပြီ။ ခရီးသွားရင်း တွေ့ခဲ့ရတဲ့ အတွေ့အကြုံလေး တစ်ခုကို ပြောပြချင်လို့။ မကြီးက ဈေးသည်တွေ့ရင် မ၀ယ်ဘဲ မနေနိုင်တာရှိတယ်။ အဲဒါက သံပုရာသီးရယ် စံပယ်ပန်းရယ်။ နှစ်ခုစလုံးက မကြီးအကြိုက်ဘဲ။ တွေ့လိုက်ရင် နဲနဲဘဲဖြစ်ဖြစ် ၀ယ်လိုက်ရမှ ကျေနပ်တာ။
မကြီး ခရီးသွားတာ ကားနဲ့သွားတာပါ။ လမ်းမှာ လဘက်ရည်သောက်ဘို့ ကားခဏရပ်တယ်။ မကြီးလည်း ဆင်းပီး လဘက်ရည် သောက်တယ်။ ကားပေါ်ကို ပြန်တက်ခါနီးမှဘဲ စံပယ်ပန်း ရောင်းတဲ့ အဒေါ်ကြီးတစ်ယောက်ကို တွေ့တော့တာဘဲ။ စံပယ်ပန်းနံ့ ကလေးရဲ့ ဆွဲဆောင်မှုကတော့ မကြီးကို မ၀ယ်ဘဲ မနေနိုင်အောင် မွှေးလှတယ်ဟာ။ မကြီးလည်း ၀ယ်လိုက်တယ် တစ်ရာဘိုးကို နှစ်ကုံးရတယ်။ မကြီးက ပိုက်ဆံ နှစ်ရာတန် ပေးလိုက်တော့ ဈေးသည်က ပြန်အမ်းစရာ အကြွေမရှိလို့ နှစ်ရာဘိုး ယူလိုက်ပါလားတဲ့။ မကြီးရဲ့ ရှေ့လေးမှာဘဲ လူတစ်ယောက်က တစ်ရာဘိုး ၀ယ်သွားတာကို တွေ့ထားတယ်လေ။ မကြီးလည်း အမ်းစရာမရှိရင် မယူတော့ဘူးဆိုပီး ပန်းကိုပြန်ပေး လိုက်တော့မှ သူ့အိတ် ထဲကို တစ်ရာပြန်အမ်းဘို့ မွှေနှောက်ပီး ရှာတာပေါ့။ မကြီးလည်း စောင့်နေတယ်လေ။ ငါးဆယ်တန် ထွက်လာတယ်။ နှစ်ဆယ်တန်တစ်ရွက်နဲ့ ဆယ်တန် တစ်ရွက် ထွက်လာတယ် အကြွေမရှိလို့တဲ့ မကြီးကို အဲဒါဘဲ ပြန်အမ်းတယ်။ မကြီးက အဲဒါဆို မယူတော့ပါဘူး ဆိုတော့မှ တစ်ရာတန်ကို ထုတ်ပေးတယ်။
ပိုက်ဆံတစ်ရာဟာ ဘာမှ တန်ဘိုးမရှိပါဘူး ဒါပေမဲ့ ဘာဖြစ်လို့ အဆင့်ဆင့် ကတ်သတ်ပီး လုပ်နေရတာလဲ။ ဒီပန်းတစ်ကုံးဟာ ဒီထက်တန်ဘိုးရှိရင် ဈေးကို ဒီထက် ပိုတင်ပီး ရောင်းလေ။ ကိုယ်ရောင်းနိုင်တဲ့ ဈေးကိုရောင်းလေ။ လိမ်ညာပီးတော့ ဘာဖြစ်လို့ ယူနေတာလဲ။ ကားရပ်တုံး ခဏတွေ့တဲ့သူဘဲ နောင်...ပြန်တွေ့ရမှာမှ မဟုတ်တာဆိုပီး တစ်နပ်စားဥာဏ်နဲ့ လုပ်လိုက်တာဟာ ကိုယ့်ရဲ့ အကျင့်သီလ ဘယ်လောက်ထိ ပျက်ဆီးနေတယ် ဆိုတာကို သူကိုယ်တိုင် မသိတာဟာ တော်တော် စိတ်မကောင်း စရာဘဲ။ အဲဒီ အဒေါ်ကြီးမှာ ကလေးတွေ ရှိနေရင် ဒီကလေးတွေရဲ့ စာရိတ္တဟာ ဘယ်ပုံစံ ဖြစ်နေမလဲ သူတို့တစ်တွေ ကြီးသွားကြပြီ ဆိုရင်ကော။ ရင်လေးတယ်......... မကြီး ကားပေါ်မှာ တစ်လမ်းလုံး စဉ်းစားနေတယ်။

No comments: