Monday, January 21, 2008

ဖေဖေ့ အမှတ်တရ


မကြီးရဲ့ ဖေဖေမွေးနေ့က (၂၇-၁-၀၈)ရက်နေ့ပါ။ ဒါပေမဲ့ ဗမာလို မွေးရက်မှာတော့ မကြီးရဲ့ ဗမာရက်နဲ့ ဖေဖေ့ရဲ့ ဗမာလို မွေးရက်ဟာ အတူတူဘဲ ဖြစ်ပါတယ်။ မကြီး အမြဲတမ်း ဂုဏ်ယူ ၀မ်းမြောက်ရတဲ့ ရက်ကလေးပါ။ မကြီးမွေးနေ့မှာ အလှူလုပ်တယ်ဆိုရင် ဗမာလို မွေးရက်ကိုဘဲ လုပ်ပါတယ်။ ဖေဖေ့အတွက်ပါ ရည်စူးပီးလုပ်တာပါ။ (မကြီးက 1 and 2လေ........)။ မကြီး ဘလော့ဂ် ရေးနေရင်း ဖေဖေ့မွေးနေ့ အတွက် ရေးချင်စိတ်ကလေး ရှိနေတာနဲ့ ဒီဘလော့ဂ်ကလေးကို ရေးရင်း ဖေဖေ့ကို ကန်တော့လိုက်ပါတယ်။

လူတိုင်းလူတိုင်းမှာ အနန္တဂိုင်းဝင် ကျေးဇူးရှင် မိဘနှစ်ပါးဖြစ်တဲ့ ဖေဖေနဲ့ မေမေဆိုတာ ရှိကြတယ်လေ။ မိဘနှစ်ပါးကနေ မွေးဖွားပြီး လူရယ်လို့ ဖြစ်လာရတဲ့ အချိန်မှာ လူ့ဘ၀ ကြုံတွေ့ရတဲ့ ဒုက္ခ၊ သုခတွေကို ငယ်စဉ်မှာတော့ မိဘတွေက ဖေးမ ဖြေရှင်းပေးကြတယ်။ လူလားမြောက် လာတဲ့အချိန်မှာ မိဘရင်ခွင်ကနေ ထွက်ခွာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ငယ်ငယ်ကတည်းက နည်းပေးလမ်းပြ အနီးကပ် သွန်သင် ဆုံးမ ပေးခဲ့ကြရတာလည်း မိဘတွေပါဘဲ။ မကြီးမှာ ငယ်ငယ်ကတည်းက စပီး သွန်သင်ဆုံးမ ပေးခဲ့တဲ့ ဖေဖေရဲ့ ပုံစံတွေကို အခုချိန်ထိ မျက်ဝါးထင်ထင်ရှိနေသလိုပါဘဲ။

မကြီး ဖေ့ဖေ့ကို အရမ်းချစ်ပါတယ်။ ငယ်ငယ်ကတည်းက ချစ်ခဲ့တာပါ။ မကြီးတို့ ငယ်ငယ်က ဖေဖေက မကြီးတို့နဲ့ အတူမနေရဘူး တစ်ခြားမြို့မှာ ၀န်ထမ်း သွားလုပ်နေတယ်။ အိမ်ကို တစ်ပတ်တစ်ခါဘဲ ပြန်လာနိုင်တယ်။ မကြီး ၀လုံး ရေးတတ်ခါစအရွယ် ၂နှစ်သမီးလောက်က ဖေဖေဖတ်ဘို့ စာရေးတယ်။ ၀လုံးတွေ တန်းစီပီး ရေးပေး လိုက်တယ် မေမေက သမီးမလေး ရေးတာပါလို့ အောက်ကနေ စာရေးပေးရတယ်။ မကြီး ၁၀တန်းလောက်ထိ အဲဒီစာကို ဖေဖေသိမ်းထားတယ်။ သားသမီးကို ပါးစပ်ကနေ ထုတ်ဖေါ်မပြောဘဲ ချစ်တတ်တဲ့ ဖေဖေပါ။

မကြီးငယ်ငယ်က တော်တော်ဆိုးတယ်။ အိမ်အပြင်တော့ အလည်မထွက်ဘူး အိမ်ထဲမှာဘဲ တစ်နေကုန် ဆော့တယ်။ ဘယ်သူမှ ထိမ်းမနိုင်အောင်ကို ဆော့တာ။ မကြီး ၃နှစ်သမီးလောက်က ဖေဖေက အုန်းပင်ပေါ် တက်ပီး အုန်းသီးခူးတယ် အုန်းပင်ကလည်း နိမ့်နိမ့်ကလေးပါ အပင်ပေါ်ရောက်မှ မြွေတစ်ကောင် တွေ့တယ် မြွေကောင်း ကလေးပါ။ အပင်ပေါ်မှာဘဲ ဖေဖေက မြွေခေါင်းကို ရိုက်ပီး အောက်ပြစ်ချလိုက်တယ် မကြီးကို မြွေထွက်မပြေးအောင် ကြည့်ထားဆိုပီး ပြောတယ်။ မကြီးလည်း ကြည့်ထားတာ့ပေါ့ တွန့်တွန့်လူးနေတဲ့ ပုံကလေးကို ။ ဖေဖေအုန်းပင်ပေါ်ကနေ ဆင်းတော့ မြွေက တော်တော်ငြိမ်နေပါဘီ။ အဲဒီမှာ ဖေဖေက ဘာပြောလဲဆိုတော့ မကြီးကို မြွေအမြီးဘက် ကနေ သွားနဲ့ ကိုက်ရဲလား ဆိုပီးပြောတယ်။ မကြီးလည်း မြွေကို ကြည့်လိုက်တယ် မလှုတ်တော့ဘူး ရွံတော့ရွံစရာကြီး၊ ဖေဖေ့ကို ကြည့်လိုက်တော့လည်း မလုပ်နိုင်ပါဘူး ဆိုတဲ့ မျက်နှာပေးနဲ့၊ မကြီးငယ်ငယ်က တော်တော်ရွံ့တတ်တယ်လေ။ ဒါပေမဲ့ ကိုက်ပြမယ်ဆိုပီး မြွေအမြှီးကို ကိုက်ပြလိုက်တယ်။ ရွံလို့၊ ကြောက်လို့ ဆိုပီး မလုပ်ရဲ မလုပ်ချင် မဖြစ်ရအောင် ငယ်ငယ်ကတည်းက လုပ်ခိုင်းခဲ့တဲ့ ဖေဖေပါ။

မကြီးတို့ အညာမှာ ဆောင်းခါဆိုရင် တော်တော်အေးတယ် မနက်ကို အစောကြီးထပီး မေမေက ဆန်ပြုတ် လုပ်ပေးတယ် မကြီးတို့ကလည်း အိပ်ရာကထပီး မီးဖိုဘေးမှာ မီးလှုံနေကြတယ်။ ဆန်ပြုတ်သောက်ဘို့ ပုဂံသွား ဆေးဘို့ပြောတယ်။ ရေကလည်း မတရားအေးတော့ မကိုင်ချင်ဘူး။ ဖေဖေကမရဘူး ရေကိုအေးမှန်းသိရင် ဘာလို့ မကိုင်ရဲရတာလဲ၊ လူဘဲ လုပ်နိုင်ရမှာပေါ့လို့ ဆိုပီး ပုဂံ သွားဆေးခိုင်းတယ်။ ကိုယ်လုပ်ရမဲ့ အလုပ်တစ်ခုကို ဘာအခက်အခဲဘဲ ရှိနေပါစေ ကျော်လွှားနိုင်ဘို့ ကျင့်ပေးခဲ့တဲ့ ဖေဖေပါ။

မကြီးတို့တစ်တွေကို ၁၀တန်းဒီနေ့ ဖြေပီးရင် နောက်ရက် မနက်ကစပီး ထမင်းဟင်း ချက်ခိုင်းတယ်။ မချက်တတ်ရင် မေမေ၊ ဒါမှမဟုတ် အကြီးတစ်ယောက်ယောက် ကနေ သင်ပေးရတယ်။ ၁၀တန်း အောင်စာရင်းထွက်ပီး ကောလိပ်ကို မသွားရမချင်း မီးဖိုချောင်ထဲကနေ မထွက်ရဘူး။ မကြီး ချက်တတ်ခါစမှာ ဟင်းတွေက မကောင်းဘူး ထမင်းကလည်း ပျော့တလှည့် မာတလှည့်၊ ဒါပေမဲ့ ဖေဖေတောင် ဘာမှမပြောတာ ဆိုတော့ ကျန်တဲ့သူတွေက ဘာမှမပြောဘဲ မကြီး ချက်ထားသမျှကို စားကြတယ်။ အ၀တ်လျှော် မီးပူတိုက် အိမ်ရှင်းနဲ့ တစ်နေကုန်မအားရဘူး။ မကြီးတို့ မြို့က ၁၀တန်းထိဘဲရှိတဲ့ကျောင်းလေ တက္ကသိုလ် ကောလိပ်ကို တစ်ခြားမြို့မှာ သွားသင်ကြရတယ်။ အားနေတဲ့ အချိန်မှာ စိတ်အား လူအားမဖြစ်အောင်ရယ် ကျောင်းသွားတက် ရင် လုပ်တတ်ကိုင်တတ် ဖြစ်အောင်ရယ်ပါ။ (မကြီးက မီးအပူုကို အဲဒီကတည်းက ကြောက်သွား တာဟ.....နောက်ဆို ထမင်းချက်တာက လွဲရင် အကုန်လုပ်တယ် ဟဲ..... ဟဲ) ရေရှည်ကိုကြည့်ပီး ကြိုတင်ပြင်ဆင် တတ်အောင် သင်ပေးခဲ့တာလဲ ဖေဖေပါ။

ဖေဖေက မကြီးတို့တစ်တွေကို ရိုက်ပီး၊ အော်ငေါက်ပီး ဆုံးမတယ်ဆိုတာ မရှိဘူး။ မကြီးတို့ကို ဖေဖေက အလုပ်တစ်ခု ခိုင်းမယ်ဆိုရင် ပါးစပ်ကနေ မပြောဘူး မျက်လုံးနဲ့ ကြည့်ပီး ပြောတာ မကြီးတို့က ဖေဖေ့မျက်လုံးကို ဖတ်ရတယ်။ မကြီး ငယ်ငယ်တုံးက ဖေဖေနဲ့ အလုပ်အတူတူ လုပ်ရမှာကို သိပ်ပျင်းတာဘဲ ဖေ့ဖေ့ကို တစ်ချိန်လုံး ကြည့်ပီး ပြောနေရတယ်။ တိတိကျကျလည်း ပြောပြ လုပ်ပြရတယ်။ အလုပ်ခွင်ထဲရောက်မှ သိတာက သူများမျက်နှာရိပ်ကို ဖတ်တတ်အောင် ဖေဖေလေ့ကျင့်ပေးတာပါလားလို့ သိလိုက်ရတယ်။

ငယ်ငယ်က အိမ်နီးချင်းတွေကို ပစ္စည်းတစ်ခုပေးခိုင်းရင် အိမ်ရှင်က အေးအေးဆိုပီးယူထားလိုက်တယ်။ အိမ်ပြန်ရောက်တော့ ဘာပြောသေးလဲလို့ မကြီးကို ပြန်မေးရင် ဘာမှပြောလိုက်ဘူးလို့ ပြောရင် ဖေဖေက သမီးကလည်း ဘာမှမပြောဘဲပေးတာကို အိမ်နီးချင်းကလည်း ဘာမှမပြောဘဲ ယူလိုက်တာလားလို့ မေးတော့ မကြီးမှာ အိမ်ကနေထွက်သွားပီး လမ်းပေါ်တွေ့သမျှတွေ၊ အိမ်နီးချင်းနဲ့တွေ့ပီး ပြောခဲ့သမျှစကားတွေ၊ ကိုယ်က ပြန်ပြောခဲ့တဲ့ စကားတွေ၊ အားလုံးကို တစ်လုံးမကျန် ပြန်ပြောပြမှ ဖေဖေက ကျေနယ်တယ်။ ကြီးလာတော့မှ အဲဒီလို ပြန်ပြောပြရ တာတွေဟာ ဖြစ်သမျှကို အစီအစဉ်တကျ စီကာပတ်ကုံး ပြန်ပြောတတ်အောင် ကျင့်ပေး နေတယ်ဆိုတာ သိရတယ်။ (ဟီး..... မကြီးက နောက်ဆုံးကနေ စပြောတဲ့ အကျင့်ဘဲ ရခဲ့တာ)

မကြီးတို့ အိမ်ဝင်းက ပေ 160x80 ပါ။ မကြီးတို့ ကျောင်းတွေပိတ်တော့ ဖေဖေက စိတ်မလေအောင်ရယ် အိမ်ထဲက အိမ်ပြင်ထွက်ပီး မနေအောင်အတွက် (ဟဲ....ဟဲ အထွက်ဆုံးက မကြီးပါ) မကြီးတို့ တစ်တွေကို ကွမ်းပင် စိုက်ခိုင်းတယ်။ ကွမ်းဆိုတာကို မကြီးတို့ တစ်တွေ သိတာက ကွမ်းယာဆိုင်က ကွမ်းရွက်ကိုဘဲ မြင်ဘူးကြတာ။ ဘယ်လိုစိုက်ရတယ် ဆိုတာ သိဘို့ဝေးဘဲ။ ဖေဖေက စိုက်ရမယ်ဆိုတော့ ကွမ်းစိုက်ပျိုးနည်း တွေကို မကြီးတို့ လေ့လာရတယ်။ ဖေဖေ ကိုယ်တိုင်လည်း လေ့လာတယ်။ ညရောက်ပီဆိုရင် ကိုယ်သိသမျှ ကွမ်းအကြောင်းကို ပြန်ပြော ပြကြရတယ်။ မကြီးတို့အိမ်က မြေအနေအထားနဲ့ ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ ဆိုတာတွေရော ဆွေးနွေးကြ ရတယ်။ တိုင်ပင်ညှိနှိုင်းပီး အလုပ်လုပ် တတ်အောင် သင်ပေးတာလေ။

ကွမ်းစိုက်တဲ့အချိန်မှာ မကြီးတို့တစ်တွေ တစ်ခါမှ အလုပ်ကြမ်း မလုပ်ဘူးဘူး ပင်ပမ်းတယ် တအားဘဲ။ မကြီးတို့လည်း ညည်းမိကြတယ်။ ဒါကို ဖေဖေက မကြိုက်ဘူး ဒါပေမဲ့ တစ်ခွန်းထဲဘဲ ပြောလိုက်တယ် "မောင်မောင့် နှစ်မတွေဘဲ" တဲ့ (မောင်မောင်ဆိုတာ ဖေ့ဖေ့တူပါ မကြီးတို့နဲ့ မောင်နှစ်မ တစ်ဝမ်းကွဲတော်တယ် ယောကျာင်္းလေးဖြစ်ပီး အပျင်းကြီးတယ် ဘာအလုပ်မှ မလုပ်ချင်ဘူး လက်ကြော တင်းအောင်လည်း ဘာမှမလုပ်ဘူး စားလိုက် အိပ်လိုက်ဘဲနေတယ်) ဖေဖေ ပြောလိုက်တာ တစ်ခွန်းထဲရယ်။ မကြီးတို့တစ်တွေ တော်တော် အခံရ ခက်သွားကြတယ် အဲဒီကတည်းကစပီး ဘာကိုဘဲလုပ်လုပ် ပင်ပန်းလိုက်တာလို့ မညည်းမိကြ တော့ဘူး။ အခုချိန်ထိ မကြီးတို့ အကျင့်ပါနေကြတယ်။ ကောင်းတဲ့ အကျင့်ကလေးကို တစ်သက်လုံး စွဲသွားအောင် စကားလေး တစ်ခွန်းထဲနဲ့ ပြောနိုင်တဲ့ ဖေဖေပါ။

နောက်ပီး မကြီးတို့ အိမ်မှာ နှစ်တိုင်း ဖုန်းကြီးဆွမ်းကပ်တယ်။ ဖေဖေက ဦးဆောင်ပီး ချက်ပြတယ် နောက်နှစ်မှာ မကြီးတို့ လုပ်တာကို ထိုင်ကြည့်တယ်။ မကြီးတို့ လုပ်တယ်ဆိုတာ တာဝန်တွေ ခွဲယူကြရတယ် အဆင်ပြေအောင် စီစဉ်ကြရတယ်။ (မကြီးက ဟင်းချက်မကောင်းဘူး မကြီးလုပ်တတ်တာ ဟင်းတွေ ၀ယ်လာပီး ရေဆေး ဆား၊ ဆနွင်းနယ်ပီး မီးဖိုမှာ လုံးထားရတာကိုဘဲ လုပ်တတ်တာပါ။ အစ်မက ဟင်းချက်ကောင်းတော့ သူဘဲချက်တယ်.... ဟဲဟဲ အရည်အချင်းတွေလေ) အားလုံးပီး အိုးခွက်ဆေး၊ သိမ်းဆည်း၊ လျှော်ဖွတ် ပီးသည်အထိ မကြီးတို့ဘဲ တာဝန်တွေခွဲပီး လုပ်ကြရတယ်။ အဲဒီလို လုပ်ပေးခဲ့တာ တွေကြောင့် မကြီးတို့ ဘယ်လို ဧည့်ခံပွဲမျိုးဘဲ ဖြစ်ဖြစ် အဆင်ပြေအောင် လုပ်နိုင်ကြတယ်။ ဒါတွေဟာ ဖေဖေ့ ကျေးဇူးတွေပါ။

မကြီးတို့ သားသမီးတစ်တွေကို လိမ္မာယဉ်ကျေးအောင် သွန်သင်ပေးတာ ဖေဖေပါ။ မကြီးတို့တစ်တွေကို ကြီးစဉ် ငယ်လိုက် အုပ်ခိုင်းတယ်။ အငယ်တစ်ယောက်က မှားတာတစ်ခုခု လုပ်လိုက်ရင် အကြီးတွေကို အဆူခံရတယ်။ အလုပ်ဆို အကြီးက အရင်လုပ်၊ အစားဆို အငယ်က အရင်စစား ဒါတွေဟာ ဖေဖေ လမ်းကြောင်း ပေးခဲ့တာပါ။ ကြီးသူက ငယ်သူကို ညှာတာဘို့ ဆိုတာကို ပါးစပ်ကနေ တစ်ဖွဖွ ပြောမနေဘဲ လက်တွေ့လုပ်ခိုင်းရင်း တစ်ဖြေးဖြေး သွန်သင်ခဲ့တဲ့ ဖေဖေပါ။

မကြီးတို့အိမ်မှာ ထမင်းကို စုပီးစားရတဲ့ အစဉ်အလာရှိတယ်။ ကိုယ်က ဘယ်လောက်ဘဲ ဆာနေပါစေ လူစုံမှ စားရတာပါ။ ကိုယ်မဆာလည်း လူစုံလို့ စားမယ်ဆိုရင် ၀င်ထိုင်ပီးစားရတာပါ။ အားလုံး တစုတစည်းတည်း လုပ်တတ်အောင် ကျင့်ပေးတဲ့ ဖေဖေပါ။ ဟင်းက ဖေဖေ့အကြိုက် မဟုတ်လို့ ဖေဖေ စားနိုင်လောက်မှာ မဟုတ်ဘူး ဆိုပီး ဖေဖေ့အတွက် ဟင်းတစ်ခု သီးသန့်လုပ်ပေးရင် ဖေဖေဘယ်တော့မှ အဲဒီ ဟင်းသီးသန့်ကို မစားဘူး။ အားလုံးအတွက် ချက်ထားတဲ့ ဟင်းကိုဘဲ စားတယ် နောက်တစ်ခါ မလုပ်ဘို့ကိုလည်း ပြောတယ်။ မိသားစု တစ်သားတည်းဆိုတာကို ဖေဖေလက်တွေ့ပြတာပါ။

အခုရေးပြထားတာတွေက မကြီးဘ၀မှာ မှတ်မိထားတဲ့ တစ်စိတ်တစ်ပိုပ်ပါ။ ဖေဖေ့ကို တခြားသားသမီးတွေက ကြောက်ကြလို့ မကပ်ကြဘူး မကြီးတစ်ယောက်ဘဲ ဖေဖေ့ကိုကပ်တယ်။ ဖေဖေနဲ့ စကားတွေပြောတယ်။ မှားတယ်မှန်တယ် အားလုံး ဖေဖေ့ကို ပြောပြတယ် တိုင်ပင်တယ်။ မကြီးဘ၀မှာ ဖေဖေဟာ မိဘလည်းဟုတ်တယ်။ ဘ၀ရှေ့ဆောင် လမ်းပြလည်း ဟုတ်တယ်။ တိုင်ပင်ဖေါ် တိုင်ပင်ဖက် သူငယ်ချင်းလည်း ဖြစ်တယ်။ မကြီးအတွက် ဘက်စုံပံ့ပိုးပေးတဲ့ ဖေဖေပါ။

ဒါကြောင့်မို့ ဖေဖေ့မွေးနေ့ (၂၇.၁.၀၈)မှသည် နောင်နှစ်ပေါင်းများစွာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည့်စုံပီး လိုရာဆန္ဒအားလုံး ဖေဖေ့ဘ၀မှာ ပြည့်စုံပါစေလို့ အဝေးတစ်နေရာရောက် သမီးကနေ ဆုမွန်ကောင်း တောင်းပြီး ရှိခိုး ဦးချ ကန်တော့လိုက်ပါတယ်ဖေဖေ။

2 comments:

အရိပ် said...

မကြီးရေ .... မကြီး ရဲ့ ဖေဖေက ဘ၀တလျှောက်လုံးအတွက် မှတ်သားစရာလေးတွေပေးခဲ့တယ်နော် .... ဂုဏ်ယူစရာဘဲနော် . . . အရိပ်လည်း ဖတ်ပြီးတော့ဘဲ ပညာတွေယူလိုက်ပါတယ် . . . အရိပ်ရဲ့ ဖေဖေကတော့ လွန်ခဲ့တဲ့ 1နှစ်ခွဲလောက်ကဘဲ ဆုံးသွားပါတယ်။ သတိရတယ် မကြီးရာ။ ဒီနေ့ အိမ်ကို အရမ်းလွမ်းနေတာ.. ဘယ်လိုဖြစ်လဲ မသိ။

magyi-parchuu said...

ကျေးဇူးပါ အရိပ်ရေ မကြီးအဝေးကို ရောက်နေလဲ ဖေဖေက ဘေးနားမှာ ရှိနေသလိုဘဲ မကြီးအမြဲတမ်းခံစားရတယ် အရိပ်လည်း မကြီးလို ခံစားရမယ်လို ထင်ပါတယ်