Monday, September 22, 2008

လုပ်လိုက်ဟေ့

မနက်စောစော အိပ်ရာထဲ
အချိန်တန်လို့ နိုးနေပေမဲ့
လူကတော့ မထနိုင်
ဆက်အိပ်ချင်သေးတယ်ကွာ....

အိပ်ဖို့ရာ ခွင့်မပြုတော့
လူကသာ ကုန်းရုန်းထ
ခေါင်း ကြီးက ကျန်နေခဲ့
မဖြစ်သေးပါဘူး....

အားခဲကာ ထလိုက်ဦးမှ
တစ်နေ့တာ လှုပ်ရှားဖို့
အားမွေးအုံးမှ။

ပျော်ရွှင်စရာ ၀မ်းနဲစရာ
စိတ်တိုစရာ စိတ်ပေါ့ပါးစွာ
အလုပ်တစ်ခု အဆင်ပြေအောင်
အကွက်စေ့အောင် စဉ်းစားရင်း
တစ်စက်မှ မနားတဲ့ဒီစိတ်
ခန္ဓာထက် ပိုလှုပ်ရှားရ။

ထိုးပြီလား လေးနာရီ
နာရီကို တစ်ချက်ကြည့်ဖို့
အချိန်တောင် မရခဲ့ပဲ
ပင်ပန်းစွာ ဖြတ်သန်းခဲ့ရ။

တစ်ပတ်ရဲ့ နောက်ဆုံးရက်
သောကြာနေ့ ရောက်ရင်ဖြင့်
နားရမယ် ထိုအသိနဲ့
အားတင်းကာ ထားသော်လည်း
လျှော်စရာ အ၀တ်တစ်ပုံ
မီးပူတိုက်စရာ အထုတ်တစ်ခု
တစ်ပါတ်စာ ၀ယ်ခြမ်းဦး။

အော်........ လူ့ဘ၀ရယ်
အကောင်းဆုံး ဖြစ်ချင်နေတဲ့
ဒီစိတ်ကလေး ကျေနပ်အောင်
ရုန်းကန်လို့ အားတင်းကာ
လုပ်လိုက်ပေဦး........။

Wednesday, September 17, 2008

နေရာလပ်မရှိ

ရုပ်ချောသလား
ထူးခြားပြီး ထွက်မလာတဲ့
ရွက်ကြမ်းရေချို။

ပညာတော်သလား
လူတိုင်းနဲ့ တန်းတူ
မထင်ရှားခဲ့။

ပိုက်ဆံရှိလား
ကိုယ့်အတွက် မလိုအပ်ခဲ့
စိတ်မ၀င်စားတဲ့ တစ်ချက်။

..................
..................
.................

အချက်ပေါင်း များစွာ
ငါ့ဦးနှောက်မှာ ဗလာကျင်း
ထည့်မတွက်ခဲ့။

ဒါပေမဲ့ ငါ့ရင်မှာ
နင့်ကို ချစ်တဲ့အချစ်တွေ
ပိုင်စိုးစွာ ယူထားတဲ့
နေရာအားလုံး ပြည့်နေပြီ။

Monday, September 15, 2008

အိပ်ပျော်ချင်သူ

သမီးမလေး အိပ်ချင်နေပြီ

မိတ္ထီလာ ကန်တော်အောက်က

ဖားကောက်တဲ့ တေးလေးကို

ဖွဲ့သီကာ ဆိုပြခဲ့ပြီး

ချော့သိပ်ခဲ့တဲ့ ဒို့မေမေ။


သမီးမလေး အိပ်ချိန်တန်ပြီ

ခြေတံရှည် ဗျိုင်းကလေးက

မြူးတူးကာ ပျံလို့ပြေးကြောင်း

တေးဆိုကာ သီကုံးလို့။

ချော့သိပ်ခဲ့တဲ့ ဒို့မေမေ။


သမီးမလေး အိပ်ချင်သူပါ

ခိုဖြူ ခိုပြာ ခိုနက်တို့ရဲ့

ဟိုဒီပျံလို့ အဖမ်းခက်ကြောင်း

သီကြူးကာ တေးသံလေးနဲ့

ချော့သိပ်ခဲ့တဲ့ ဒို့မေမေ။


ညတာရှည် မှောင်မိုက်ထဲ

လူးလှိမ့်ကာ ဘယ်ညာစောင်းလို့

နွေးထွေးတဲ့ မေတ္တာရိပ်မှာ

သမီးမလေး တစ်ရေးအိပ်ဖို့

သိပ်ပေးပါလား ဒို့မေမေရယ်..........။

ဆန္ဒ

အတိတ်မှာ ဖြစ်ခဲ့သမျှအားလုံး
တစ်စက္ကန့်ရဲ့ ဟိုဘက်ထိ
ချန်ထားခဲ့လိုက်ပါ
ရတယ်.......

ကိုယ့်ရင်ထဲက အချစ်ကို
အခုချိန်မှာ မင်းလက်ခံရင်
ကြည်နူးပျော်ရွှင်နေမှာ
ငါပါ.......

လက်မခံနိုင်လို့ ထွက်သွားရင်လည်း
တံခါးခေါက်ကာ အသိမပေးခဲ့ပါနဲ့
ဖြေးဖြေးလေး တိတ်ဆိတ်စွာ
ကျန်နေခဲ့ ပါရစေ..........

Friday, September 5, 2008

ငယ်ငယ်တုံးက.............(၆)

ပါချူး (၆)တန်းတုံးက အေးချမ်းတဲ့ အညာဆောင်း တစ်ခုရဲ့ ညနေပိုင်းလေး တစ်ခုမှာ ပါချူး ထမင်းအိုးတည်ဘို့ မီးမွှေးလိုက်တယ်။ နောက်ပီး ရေနွေးအိုး တည်လိုက်တာပေါ့။ ဆန် နို့ဆီဗူး (၆)ဗူးကို ရေဆေး လိုက်တယ် မနိုင်တနိုင် ထမင်းအိုကို ရေတွေရော မပြီး မီးဖိုနားကို ယူလာတယ်။ ရေနွေးအိုး ပွက်တော့ မီးဖိုပေါ်ကနေ ချပြီး မီးဖိုဘေးနားမှာ ကပ်ထား လိုက်တယ်။ မေမေက ရေနွေး ကြိုက်တတ်တော့ ရေနွေး ထည့်ပေးဘို့ပါ အာရုံက ရောက်သွားတယ်။ အဲဒီ အချိန်မှာ အငယ်မ တစ်ယောက်က ထန်းပင်မြစ်(ထန်းမြစ်) တစ်ချောင်းကို မီးဖိုမှာ လာထိုး ထည့်တယ်။ ထမင်းအိုးက မီအရှိန် ကောင်းကောင်းနဲ့မှ ထမင်းကောင်း မယ်လေ။ ထန်းပင်မြစ် ဖုတ်လိုက်ရင် ထင်းချောင်း ထိုးဘို့ နေရာ မရှိတော့လို့ မီးအရှိန် မကောင်းနိုင်တော့ဘူး။ ပါချူးလည်း ထန်းပင်မြစ် ဖုတ်ချင်တဲ့ အငယ်မကို ဒေါသဖြစ်မိတယ် ဒါလောက်မှ မသိရပါ့မလား ဆိုပီးပေါ့။ မီးဖိုထဲ ထိုးထည့်ထားတဲ့ ထန်းပင်မြစ်ကို ဒေါသနဲ့ ဆွဲနှုတ်လိုက်တဲ့ အချိန်မှာ ခုနက ခွင်ပေါ်ကနေ ချထားတဲ့ ရေနွေးအိုးကို တိုက်ချမိပါရော..... ကွက်တိဘဲ ပါချူး ဘယ်ဘက် ခြေထောက် ပေါ်ကို တည့်တည့်ဘဲ..... ပူလိုက်တာ..... ဘယ်လို ပြောရမှန်းကို မသိတော့ဘူး...... အခုချိန်ထိ အဲဒီ ခံစားချက်ကို မမေ့တော့ဘူး...... ပူလွန်းလို့ လက်ထဲမှာ ကိုင်ထားတဲ့ လက်နှီးစုတ်နဲ့ ခြေထောက်ကို ဖိလိုက်မိတယ်... အရေခွံတွေ လန်ပြီး ဖွေးကနဲ တွေ့လိုက်ရတော့ ပါချူး ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့ဘူး..... မေမေ ရောက်လာပြီး ဆေးပြာရည်တွေ ပုလင်းလိုက် လောင်းချလိုက်မှဘဲ အေးသွားတော့တယ်....... တစ်ခဏလေး ဖြစ်လိုက်မိတဲ့ ဒေါသဟာ တစ်သက်စာ ပါချူး သင်ခန်းစာဘဲ...... ဒါပေမဲ့ အခုချိန်ထိ ဒေါသထွက်တဲ့ အကြိမ် အရေတွက် နဲအောင်တော့ လုပ်လို့ ရတယ်။ လုံးဝ ဒေါသ ကင်းအောင်တော့ မလုပ်နိုင် သေးပါဘူး။ ပါချူး ခြေထောက်မှာ ပူနေတဲ့ အပူတွေကို အေးသွားအောင် မေမေက ဆေးပြာရည်တွေ လောင်းထည့် ပေးသလို..... အခုချိန်မှာ ပါချူး ရင်ထဲက အပူတွေကို အေးသွားအောင် မေမေ ဘယ်လိုလုပ်ပေးမှလဲ??????????????

Tuesday, September 2, 2008

အဖြူရောင် နေရာလေး

ပျော်စရာ မှန်သမျှ

ကိုယ့်ရင်ခွင်မှ ယူသွားလိုက်ပါ

ကိုယ်ကျေနပ်စွာ ပေးလိုက်ပါ့မယ်။


ပူပင်စရာ မှန်သမျှ

ကိုယ့်ရင်ခွင်မှာ ထားခဲ့လိုက်ပါ

ကိုယ်ကျေနပ်စွာ ခံယူပါ့မယ်။


မယုံဘူးလား............

ကိုယ့်ရင်ခွင်ထဲ ၀င်ကြည့်လိုက်ပါ

မင်းအတွက် အဦးဆုံးနေရာလေးဟာ

အဖြူရောင်ကလေးပါကွယ်။

Monday, September 1, 2008

Photobucket

စက်တင်္ဘာ (၁)ရက်နေ့မှာ ကျရောက်သော ကျားလေး၏ (၂၂)နှစ်မြောက် မွေ့နေ့မှသည် နောင်နှစ်ပေါင်း (၁၀၀)တိုင် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒမှန်သမျှ တစ်လုံးတစ်ဝတည်း ပြည့်စုံပါစေ။ မိမိချစ်သော သူများနဲ့ တစ်သက် အတူမကွဲ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေ။