Wednesday, May 28, 2008

ငယ်ငယ်တုံးက.............(၅)

မကြီး ၄တန်းရောက်တော့ သံချိုဆောင်ကို ပြောင်းပြီး ကျောင်းတက်ကြရပါပြီ။ ဘုတလင် အထက ကျောင်းဝင်းကြီးရဲ့ အနောက်ဘက်မှာ သူငယ်တန်း ကနေ ၄တန်းအထိ တစ်စုတစ်ဝေးထဲ ထားပေးတဲ့ နှစ်ထပ် ကျောင်းဆောင်ကြီးပါ။ သံချိုဆောင်ကို မြောက်ဘက် မျက်နှာလှည့်ပီး အရှေ့ အနောက် တန်းဆောက်ထားတဲ့ အဆောင်ကြီးပါ။ မကြီးတို့ ၄တန်းက အတန်း အကြီးဆုံး ဆိုတော့ အပေါ်ဆုံးထပ်မှာ နေရတယ်လေ။ အတန်းပိုင်းဆရာက ဆရာဦးအောင်သန်း၊ ဆရာဦးမောင်ကိုတို့ နှစ်ယောက်ပါ။ စာသင် တော်ကြတဲ့ ဆရာနှစ်ယောက်ပါ။ တစ်ခါသင်လိုက်ရင် စိတ်ထဲမှာ ဆွဲသွားအောင် အသင်ပြကောင်းကြတာပါ။
မကြီး ၄တန်းနှစ်မှာ ထုတ်ဆီးတိုးပြိုင်ပွဲ ၀င်ကြရတယ်။ ခရိုင်ပြိုင်ပွဲဆိုတော့ မုံရွာခရိုင်မှာ ရှိတဲ့ မြို့နယ် ၈မြို့နယ်ကနေ မုံရွာမြို့ကို သွားပြိုင်ကြရမှာပါ။ မကြီးတို့လည်း လေ့ကျင့်ကြတာပေါ့။ စည်းနဲ့ ကမ်းနဲ့ လေ့ကျင့်တာ မဟုတ်ဘူး ပိုဆော့ကြတယ်လို့ ပြောလို့ရတယ်။ ထုတ်ဆီးတိုးပြိုင်ပွဲမှာ ဘယ်လို စည်းမျဉ်း စည်းကမ်းတွေ ရှိတယ်ဆိုတာကို မကြီးတို့ မသိကြဘူး။ အချိန် ဘယ်လောက် ရှိရမယ်ဆိုတာလဲ မကြီးတို့ မသိကြဘူး။ အတန်းပိုင် ဆရာနှစ်ယောက် ကလည်း အတန်း တက်တာ ပျက်ကွက်ရင် အတီးခံရတယ်။ ကြောက်လည်း ကြောက်တယ်။
မကြီးတို့ခေတ်မှာ ၄တန်းကို မြို့နယ်က စာစစ်ဘုတ်အဖွဲ့ဆိုပီး ဖွဲ့ထားတာရှိတယ်။ အဲဒီဘုတ်အဖွဲ့ကနေပြီး မေးခွန်းထုတ်တယ် စာစစ်တယ်။ အဲဒီတော့ စာသင်တဲ့ ဆရာတွေကလည်း အလေးအနက် ထားတယ်။ ကိုယ်မသင် လိုက်ရလို့ မဖြေနိုင်ဘူး ဆိုတာကို အဖြစ် မခံနိုင်ကြဘူး။ စာမေးပွဲနီးရင် ပြန်လှန် လေ့ကျင့်ခန်းဆိုတာ ၃ခါလောက် လုပ်ပေးကြတယ်။ မကြီးတို့က ထုတ်ဆီးတိုး ပြိုင်ပွဲဝင်ရမယ်ဆိုပီး လေ့ကျင့်ချိန်အတွက် အတန်းဖျက်လို့ မရဘူး။ ကျောင်းမတက်ခင် ကျောင်းဆင်းပီး အချိန်မှဘဲ ထုတ်ဆီးတိုးကြရတယ်။
ပြိုင်ပွဲရက်ကိုတော့ မမှတ်မိတော့ဘူး ဒီဇင်ဘာလမှာ ပြိုင်ရတယ် ဆိုတာတော့ မှတ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြိုင်ပွဲနေ့မှာ မုံရွာကို ကားနဲ့ သွားကြရတယ်။ မုံရွာ ဘောလုံးကွင်းထဲမှာ မနက် ၇နာရီမှာ စပီး ထုတ်ဆီးတိုး ကြရတယ်။ ချမ်းလိုက်တာ အင်္ကျီတိုကလေးတွေနဲ့ ဘောင်းဘီတိုလေးနဲ့။ ကောင်းကောင်းလည်း လေ့ကျင့်ထားတာ မဟုတ်။ ထုတ်ဆီး မတိုးခင်မှာ သွေးပူ လေ့ကျင့်ခန်း လုပ်ရမှန်းလည်း မသိ။ ဒီအတိုင်း ၀င်ပီး တိုးလိုက်တာ လူကို ချမ်းလွန်းလို့ တုံနေတာဘဲ။ မေးတွေ တဂတ်ဂတ် ရိုက်နေတယ်။ ဟိုပြေး ဒီပြေးလုပ်တာ မကြီးတို့လည်း ပွဲချိန် တစ်ဝက်လောက်မှ သွေးပူ လာတော့တယ်။ ဘယ်နှစ်မှတ်ဆီ ရတာလဲ ဆိုတာကို မကြီး အခုချိန်ထိ မှတ်မိနေသေးတယ်။ ရှုံးသလားလဲ မမေးနဲ့ ခွက်ခွက်လန်ဘဲ။
ပွဲမ၀င်ခင်မှာ ဘာမှာ ကောင်းကောင်း မသိဘူး။ ကြိုတင် ပြင်ဆင်မှုလဲ ဘာမှ လုပ်မသွားဘူး။ ပွဲတစ်ခုရဲ့ စည်းမျဉ်း စည်းကမ်း ဆိုတာတွေကို ဘာမှ မသိတာဟာ တစ်ပန်း ရှုံးတာဘဲ။ ဘာကို လုပ်သင့်တယ် ဘာကို မလုပ်ရဘူးဆိုတာ သိမထားဘူး။ တစ်ဘ၀စာ သင်ခန်းစာ ရစရာပါဘဲ။ ဒါပေမဲ့ အခုချိန်ထိ မကြီး အားလုံးကို လိုက်မလုပ်နိုင်သေးပါဘူး။ ဒါဟာ မကြီးပါချူးပါ။

Monday, May 26, 2008

happy birthday
၂၀၀၈ ခုနှစ် မေလ ၂၆ ရက်နေ့မှာ ကျရောက်သော ညီမငယ်လေး မချိုသင်း(Dr. Baby)ရဲ့ မွေးနေ့မှသည် ဘ၀တစ်လျှောက်လုံး စိတ်ချမ်းသာ ကိုယ်ကျမ်းမာပြီး လိုရာဆန္ဒမှန်သမျှ အားလုံးပြည့်စုံပါစေလို့ မကြီးပါချူး ဆုတောင်း ပေးလိုက်ပါတယ်။

Wednesday, May 21, 2008

နင်နဲ့ငါ
ဝေးကွာတဲ့မိုင်ပေါင်းများစွာ
မတွေ့နိုင်သော်လဲ
တူညီတဲ့ စိတ်ရင်း
အနီးဆုံးက ရင်ထဲမှာ။

Tuesday, May 20, 2008

နွမ်း

ငါ့ဘေးမှာ နင့်စိတ်ကလေး မရှိတော့ဘူးဆိုတာ သိလိုက်တဲ့ငါ ဘယ်လိုလုပ်ရမှာလဲ။
နင်က ငါ့ဘေးမှာ မရှိတော့ဘူးဆိုရင် ဘယ်သူက ငါ့ဘေးမှာ ရှိနေတော့မှာလဲ။
အရမ်းချစ်တဲ့သူ တစ်ယောက်ကို စွန့်လွှတ် လိုက်ရပြီဆိုတဲ့ အသိက လူကို ပိုပင်ပန်းစေတယ်။
ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အသိက နှလုံးသားတစ်ခုလုံးကို ဆုတ်ချေလိုက်သလို ကြေမွသွားတယ်လို့ ထင်လိုက်ရတယ်။
ဦးနှောက်က မဖြစ်နိုင်တော့ဘူးဆိုတာကို သိပေမဲ့ နှလုံးသားက လက်မခံနိုင်ဘူး ဖြစ်နေတယ်။
မဖြစ်နိုင်တော့ဘူးဆိုတဲ့ အခြေအနေကို လက်ခံပြီး ရင်ထဲမှာ သူ့အပေါ်ကို သန့်ရှင်းအောင်ထားလည်း တိုက်ဆိုင်မှုရှိနေရင် သတိရမှုဟာ အခုချိန်ထိဘဲ။
မလွမ်းသင့်တော့ဘူးဆိုတာ ဦးနှောက်က သိပေမဲ့ နှလုံးသားက မလိုက်နာနိုင်ဘူး။
တန်ဘိုး အထားရဆုံးကို ဆုံးရှုံးခဲ့ပီးတဲ့ နောက်ပိုင်း ဘ၀မှာ ဘာမှ တန်ဘိုးမရှိတော့ဘူး ဖြစ်သွားတယ်။
သူ့ဘ၀အတွက် အားလုံး အဆင်ပြေပါစေလို့ ဆုတောင်း ပေးနေမိတာတွေက တစ်ကယ်စိတ်ရင်းပါ။
နှလုံးသားကို ဦးနှောက်က ထိန်းနိုင်ပါ့မလားလို့ သံသယစိတ်နဲ့ မရဲတစ်ရဲ အားတင်းပီး နေရတာ အပင်ပန်းဆုံးဘဲ။
ရင်ထဲမှာ နွမ်းနေတယ်.....

Friday, May 16, 2008

ကျေးဇူးပါ

မတွေ့တာကြာတဲ့ သူငယ်ချင်း
ပိုလှနေလား ပိုဝနေလား
ဝတာကိုတော့ မပြောကြေးကွာ
အဆင်ပြေလား နေကောင်းလား
ဘာလိုသေးလဲ ဘာလုပ်ပေးရမလဲ
မေးခွန်းစကား ရင်းနှီးကြွမ်းဝင်
အားအင်အပြည့်နဲ့ ၀မ်းသာခဲ့ရ
ကျေးဇူးကမ္ဘာပါ သူငယ်ချင်း။

Wednesday, May 14, 2008

သူငယ်ချင်းတို့ရေ မကြီး ခရီးသွားတာကနေ ပြန်ရောက်နေပြီ။ ခရီးသွားရင်း တွေ့ခဲ့ရတဲ့ အတွေ့အကြုံလေး တစ်ခုကို ပြောပြချင်လို့။ မကြီးက ဈေးသည်တွေ့ရင် မ၀ယ်ဘဲ မနေနိုင်တာရှိတယ်။ အဲဒါက သံပုရာသီးရယ် စံပယ်ပန်းရယ်။ နှစ်ခုစလုံးက မကြီးအကြိုက်ဘဲ။ တွေ့လိုက်ရင် နဲနဲဘဲဖြစ်ဖြစ် ၀ယ်လိုက်ရမှ ကျေနပ်တာ။
မကြီး ခရီးသွားတာ ကားနဲ့သွားတာပါ။ လမ်းမှာ လဘက်ရည်သောက်ဘို့ ကားခဏရပ်တယ်။ မကြီးလည်း ဆင်းပီး လဘက်ရည် သောက်တယ်။ ကားပေါ်ကို ပြန်တက်ခါနီးမှဘဲ စံပယ်ပန်း ရောင်းတဲ့ အဒေါ်ကြီးတစ်ယောက်ကို တွေ့တော့တာဘဲ။ စံပယ်ပန်းနံ့ ကလေးရဲ့ ဆွဲဆောင်မှုကတော့ မကြီးကို မ၀ယ်ဘဲ မနေနိုင်အောင် မွှေးလှတယ်ဟာ။ မကြီးလည်း ၀ယ်လိုက်တယ် တစ်ရာဘိုးကို နှစ်ကုံးရတယ်။ မကြီးက ပိုက်ဆံ နှစ်ရာတန် ပေးလိုက်တော့ ဈေးသည်က ပြန်အမ်းစရာ အကြွေမရှိလို့ နှစ်ရာဘိုး ယူလိုက်ပါလားတဲ့။ မကြီးရဲ့ ရှေ့လေးမှာဘဲ လူတစ်ယောက်က တစ်ရာဘိုး ၀ယ်သွားတာကို တွေ့ထားတယ်လေ။ မကြီးလည်း အမ်းစရာမရှိရင် မယူတော့ဘူးဆိုပီး ပန်းကိုပြန်ပေး လိုက်တော့မှ သူ့အိတ် ထဲကို တစ်ရာပြန်အမ်းဘို့ မွှေနှောက်ပီး ရှာတာပေါ့။ မကြီးလည်း စောင့်နေတယ်လေ။ ငါးဆယ်တန် ထွက်လာတယ်။ နှစ်ဆယ်တန်တစ်ရွက်နဲ့ ဆယ်တန် တစ်ရွက် ထွက်လာတယ် အကြွေမရှိလို့တဲ့ မကြီးကို အဲဒါဘဲ ပြန်အမ်းတယ်။ မကြီးက အဲဒါဆို မယူတော့ပါဘူး ဆိုတော့မှ တစ်ရာတန်ကို ထုတ်ပေးတယ်။
ပိုက်ဆံတစ်ရာဟာ ဘာမှ တန်ဘိုးမရှိပါဘူး ဒါပေမဲ့ ဘာဖြစ်လို့ အဆင့်ဆင့် ကတ်သတ်ပီး လုပ်နေရတာလဲ။ ဒီပန်းတစ်ကုံးဟာ ဒီထက်တန်ဘိုးရှိရင် ဈေးကို ဒီထက် ပိုတင်ပီး ရောင်းလေ။ ကိုယ်ရောင်းနိုင်တဲ့ ဈေးကိုရောင်းလေ။ လိမ်ညာပီးတော့ ဘာဖြစ်လို့ ယူနေတာလဲ။ ကားရပ်တုံး ခဏတွေ့တဲ့သူဘဲ နောင်...ပြန်တွေ့ရမှာမှ မဟုတ်တာဆိုပီး တစ်နပ်စားဥာဏ်နဲ့ လုပ်လိုက်တာဟာ ကိုယ့်ရဲ့ အကျင့်သီလ ဘယ်လောက်ထိ ပျက်ဆီးနေတယ် ဆိုတာကို သူကိုယ်တိုင် မသိတာဟာ တော်တော် စိတ်မကောင်း စရာဘဲ။ အဲဒီ အဒေါ်ကြီးမှာ ကလေးတွေ ရှိနေရင် ဒီကလေးတွေရဲ့ စာရိတ္တဟာ ဘယ်ပုံစံ ဖြစ်နေမလဲ သူတို့တစ်တွေ ကြီးသွားကြပြီ ဆိုရင်ကော။ ရင်လေးတယ်......... မကြီး ကားပေါ်မှာ တစ်လမ်းလုံး စဉ်းစားနေတယ်။

Tuesday, May 6, 2008

သူငယ်ချင်းတို့ရေ မကြီးပါချူး ခရီးသွားစရာလေး ရှိနေလို့ ပို့စ်တင်တာကို ခဏရပ်ထားဦးမယ်နော်.....

Friday, May 2, 2008

မိုး

မိုးရေဖွေးဖွေး အေးအေးထဲမှာ
ပျော်ရွှင်ပြေးလွား ကစားခဲ့ကြတာ မှတ်မိသေးလား
သူငယ်ချင်း။
မိုးအေးအေးမှာ နှစ်ယောက်အတူ
ိုဖတ်ခဲ့ကြတဲ့ကာတွန်းတွေကို မှတ်မိသေးလား
သူငယ်ချင်း။
မိုးအေးအေးမှာ နှစ်ယောက်အတူ
ကျားဘိုဆွဲလို့ ကစားခဲ့ကြတာ မှတ်မိသေးလား
သူငယ်ချင်း။
မိုးရွာနေလို့ နှစ်ယောက်အတူ
ကျောင်းလစ်ကြတာ မှတ်မိသေးလား
သူငယ်ချင်း။
မိုးရွာထဲမှာ ထီးတစ်ချောင်းထဲ
နှစ်ယောက်အတူ ဆောင်းခဲ့ကြတာ မှတ်မိသေးလား
သူငယ်ချင်း။
မိုးရွာနေတဲ့ အခုချိန်မှာ
မီးမီးသားသား အိမ်ဆွဲလွဲနဲ့
မမောပန်းနိုင် ပျော်ရွင်နေလား
ဒါမှမဟုတ်...........
စိတ်ရှုတ်နေလား အလုပ်ရှုတ်နေလား
မှန်းဆလို့တွေး လွမ်းမိနေတယ် သူငယ်ချင်း။