Monday, April 28, 2008

အတူတူ

ငှက်ကလေးတွေရဲ့ တေးဆိုသံတွေကို
အတူတူ နားထောင်ကြရအောင်။

စမ်းချောင်းကလေးတွေရဲ့ စီးဆင်းသံကို
အတူတူ ကြည်နူးကြရအောင်။

သားကောင်ကြီးတွေရဲ့ ဟိန်းဟောက်သံကို
အတူတူ ထိတ်လန့်ကြရအောင်။

တောတောင်ရဲ့ သဘာဝအလှကို
အတူတူ ခံစားကြရအောင်။

မဆုံးနိုင်တဲ့ ခရီးရှည်ကို
အတူတူ လျှောက်လှမ်းကြရအောင်။

ဒီလိုဖြစ်ဘို့
တို့နှစ်ယောက် အတူတူ
လူတွေနဲ့ဝေးရာကို သွားကြရအောင်။

Thursday, April 24, 2008

ငယ်ငယ်တုံးက.............(၄)

မကြီးပါချူးတို့ အိမ်ရဲ့ နောက်ဖေးဘက်က ရေကန်ကြီးရှိတယ်။ အဲဒီ ရေကန်ကြီးကနေ မိုးတွင်းမှာ ရေတွေပြည့်လို့ ရေလွှဲပေါက်ကနေ လျှံထွက်ရင် မကြီးတို့အိမ် တောင်ဘက်နားက ချောင်းကလေးအတိုင်း စီးသွားတယ်။ ကန်မကြီး ရေလျှံတဲ့နေ့ဆို မကြီးပါချူးတို့ အပျော်ဆုံးနေ့ဘဲ။ ချောင်းထဲမှာ ရေသွားချိုး ကြတယ်။ ရေနဲ့အတူပါလာတဲ့ ငါးကလေးတွေကိုလည်း ဖမ်းကြတယ်။ ရသမျှ ငါးကလေးတွေကို အိမ်မှာရှိတဲ့ ကြောင်ကလေးကို ကျွေးရတာ အမောဘဲ ညီအစ်မတစ်တွေ ရေချိုးရင်း ငါးဖမ်းတာကို အကြောင်းပြပီး ရေဆော့ရင်း အပျော်လွန်ခဲ့ကြတဲ့ နှစ်တွေလဲ မနဲတော့ဘူး။ မေမေလိုက်ရိုက်လို့ ပြေးကြရတာလဲ အကြိမ်ကြိမ်ဘဲ။ ရေဆော့ပီး ပြန်လာတဲ့ မကြီးတို့တစ်တွေကို အိမ်ပေါက်ဝကနေ ကြောင်ကလေးနှစ်ကောင်က ငုတ်တုတ်ထိုင် စောင့်နေတာကို တွေ့လိုက်ရင် မောလာသမျှတွေ အားလုံးပြေသွားကြရတယ်။
အဲဒီကြောင်ကလေး နှစ်ကောင်ကို ချောင်းနားလေး ခေါ်သွားရင် ချောင်းကို မြင်လိုက်တာနဲ့ လူပေါ်ကနေ အတင်းဆင်းပြီး အိမ်ကို တန်းပြေးတော့ တာပါဘဲ။ ဘယ်လိုမှ ပြန်ခေါ်လို့မရတော့ဘူး။ မကြီးတို့ ပါလာသမျှ ငါးကလေးတွေကို ချကြွေးရင်တော့ ကုန်အောင်စားတယ်။ မကြီးတို့ ညီအစ်မတစ်တွေ ချောင်းထဲမှာ ရေဆော့ဘို့ မနက်ကတည်းက အိမ်အလုပ်တွေကို တစ်ခုမကျန် လုပ်ပေး ကြရတယ်။ သွားဆော့ရင်လည်း အချိန်အကန့် သတ်နဲ့ သွားကြရတယ်။ ဒါပေမဲ့ အချိန်လွန်လို့ မေမေက အမြဲတမ်းလိုက်ခေါ်ရတယ်။
အော်....မေမေရယ် အခုချိန်မှာ သမီးပါချူး အကြောင်းအမျိုးမျိုးကြောင့် အိမ်ကို ပြန်မလာ နိုင်သေးရင်ရော လိုက်မခေါ် တော့ဘူးလား....................

Friday, April 18, 2008

မျှော်နေမယ်

ပိတောက်ကိုလည်း မကြည့်ရဲတော့ဘူး
ငုဝါတွေ့လည်း ငိုချင်မိတယ်
ပျော်ရွှင်စရာ နေ့ရက်တို့
ကုန်ဆုံးမှု မြန်ဆန်လိုက်တာ
မှန်ကန်သော သစ္စာတွေနဲ့
အကြိမ်ကြိမ် ဆုတောင်းမိတယ်
နောင်နှစ်မှာလဲ ပျော်ရွှင်မှုအပေါင်းနဲ့
ပြန်လာခဲ့ပါ သင်္ကြန်ရယ်..............

Thursday, April 17, 2008

မကောင်းတာကို
ကြောက်ပြီး
မကောင်းလုပ်သူကို
သနားလိုက်စမ်းပါ ။
မကောင်းတဲ့သူကို
စိတ်ဆိုးလိုက်တာနဲ့
ကိုယ်ပါ
သနားစရာ သတ္တ၀ါစာရင်း
ဝင်သွားပြီ ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

Tuesday, April 15, 2008

ကြည့်ပါဦး သကြားမင်းရယ်

တူးပို့ တူးပို့ဆိုပီး
အော်မြည်လာတဲ့ အသံလေး
လူအားလုံးရဲ့စိတ်ကို ပျော်ရွှင်မြူးတူးစေခဲ့တယ်။

ပန်းပိတောက်တွေ ပွင့်ဖူး
တစ်ပင်လုံး ရွှေဝါရောင်ပြောင်း
လောကတစ်ခုလုံးကို မွှေးကြိုင်စေခဲ့တယ်။

"နှောင်ဒိန်း"ဆိုတဲ့ ဗျောစည်သံ
လူ့ပြည်ကို စောင့်ကြည့်ဘို့
သကြားမင်းကြီးကြွလာကြောင်း သတိပေးခဲ့တယ်။

သင်္ကြန်တွင်း အခါကာလ
ပျော်မြူးကြ လွတ်လပ်စွာနှင့်
ကုသိုလ်ကောင်းမှု အသွယ်သွယ်ယူလို့
ကောင်းလိုက်တဲ့ စိတ်လွတ်လပ်မှု။

စိတ်ထဲမှာ တင်းကြတ်လို့
လွတ်လပ်မှု ပျောက်ဆုံးသလို
လူ့ပြည်က ပါချူးကို
သကြားမင်းကြီးရယ် ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဦး။

Saturday, April 12, 2008

တမာအလွမ်း

အညာမှာ မိုးမရွာဘဲ လေတွေဘဲ တိုက်နေတယ်။ နေ့လည်ပိုင်းဆို ပူလိုက်တာ တော်တော် အခံရခက်တယ်။ သင်္ကြန်ရက်ကလည်း နီးနေဘီ ပိတောက်တွေ ပွင့်တော့မှာလားလို့ အပင်ပေါ်ကို မော့ကြည့်ရတာလဲ ဇက်ကျိုး တော့မယ်။ မိုးပြေးလေး တစ်ချက်လောက် ရွာလိုက်ရင်တော့ ပိတောက်တွေ ပွင့်ဘို့ အားခဲနေတဲ့ အငုံကလေး တွေကို တွေ့နေရတယ်။ မိုးကလည်း တစ်ဖျစ်လောက်တော့ ရွာသင့်နေဘီ။ နေ့ပိုင်းဒီလောက် ပူနေတာကို ဘာဖြစ်လို့များ မိုးမရွာတာလဲ။
neem

သင်္ကြန်ရောက်ပီဆိုရင် မိုးရွာရွာ မရွာရွာ ပွင့်တဲ့ ပန်းရှိတယ်။ သူကတော့ သစ္စာမပျက် နှစ်စဉ်ပုံမှန်ပွင့်တယ်။ တမာပန်းပါ။ အညာမှာ တမာပင်တွေ တန်းစီပြီး ရှိနေတာ ပေါမှ ပေါဘဲ။ တမာရွက် စိမ်းစိမ်းလေးပေါ်မှာ အပွင့်သေးသေး အဖြူရောင် ပန်းခက် ကလေးတွေ တွဲလွဲကျနေတာကိုက တစ်မျိုးချစ်စရာ လေးပေါ့။ တမာပန်းရဲ့ သင်းပျံ့တဲ့ ရနံ့ကလေးကို မကြီး ကြိုက်တယ်လေ။ အညာမှာ တမာနံ့ကလေးမှ မရရင် သင်္ကြန် မမည်ဘူးလို့ မကြီးထင်တယ်။
သင်္ကြန်အကြိုနေ့ ရောက်ပီဆိုရင် သင်္ကြန်ကြိုအိုး လုပ်ကြရတယ်။ တာအိုးလေး ထဲမှာ ရေထဲ့ပီး ပန်းမျိုးစုံ ထိုးကြတယ်။ တစ်နှစ်လုံး ကျန်းမာရေး ကောင်းဘို့အတွက် တမာပန်းဟာ မပါမဖြစ်ပန်းပါ။ တမာနံ့လေး တသင်းသင်းနဲ့ တာအိုးလေးဟာ မြန်မာမှုမှာ ချစ်စရာလေးလို့ မကြီးမြင်တယ်။
နောက်ပီး တမာပန်းနံ့ကို ရှူရင် ပန်းနာရင်ကျပ် ရောဂါရှိသူတွေအတွက် ဆေးတစ်ခုလို့ မကြီးကြားဘူးတယ်။ အော်..... တမာရယ် တန်ဘိုးကြီးလိုက်တာ။
အညာနဲ့ တမာဟာ ခွဲခြားလို့ မရသလို တမာနဲ့ သင်္ကြန်ဟာလည်း ခွဲခြားလို့ မရဘူးလေ။ အဲလိုဘဲ အညာသူဖြစ်တဲ့ မကြီးပါချူးနဲ့ တမာဟာလည်း ခွဲလို့ရဘူးလို့ ထင်ထားခဲ့တာ။ တမာကို ခွဲခဲ့ရတာ နှစ်တွေကြာနေ ဘီလေ တမာရှိတဲ့ဆီကို ပြန်လာချင်ပေမဲ့ ပြန်လာလို့ မရဘူး။ တမာကို လွမ်းရုံဘဲ လွမ်းနိုင်တယ် မမြင်နိုင်ဘူး။ တမာကို ခွဲလာခဲ့ရတာ ကြာနေပေမဲ့ သင်္ကြန်ရောက်တိုင်း အမှတ်ရနေတယ် သတိရနေသေးတယ်။ လွမ်းတယ် တမာရယ်.....................

Wednesday, April 9, 2008

ပုံမှန်ဖြစ်ပါစေ

ကိုယ့်ကိုယ်လဲ
သိပ်အထင်မကြီးနဲ့
ထိန်းမနိုင်သိမ်းမရ ဖြစ်တတ်တယ်။
ကိုယ့်ကိုယ်လဲ
သိပ်အထင်မသေးနဲ့
ကြိတ်ပြီးရူးသွားတတ်တယ်။
ဘယ်ဟာမှ မကောင်းဘူး
ရမ်းမလုပ်နဲ့
ပုံမှန်ဖြစ်ပါစေ။
(ဓမ္မဒူတ ဆရာတော်ကြီး အရှင်ပညာဇောတ)

Tuesday, April 1, 2008

ငယ်ငယ်တုံးက.............(၃)

မကြီးပါချူးတို့ ဘုတလင်မြို့၊ အထက ကျောင်းကြီးက စာသင်ဆောင်ပေါင်း ၇ဆောင်ရှိတယ်။ ရုံးခန်းတစ်ဆောင်၊ စာကြည့်တိုက် တစ်ဆောင်ရောဆို ၁၁ဆောင်ပေါ့။ အဆောင်တွေကို ကျောင်းစည်းရိုးနား ကပ်ပီး ဆောက်ထားတာ အ၀ိုင်းလိုက်ကြီးပေါ့။ ကျောင်းဝင်းကြီး အလည်ကောင်မှာ ကုက္ကိုပင်ကြီးတွေက အောက်ခြေရှင်းပီး အပေါ်မှာ သစ်ခက်ချင်း ယှက်နေကြတာ။ နေပျောက်မထိုးဘူး အရိပ်ကောင်းတယ်။ အဲဒီကွင်းထဲမှာဘဲ ဘောလုံးကွင်း ရှိတယ်။ ဘောလုံးကွင်းထဲမှာ ထုတ်စည်းတိုးကွင်း ဖေါက်ပေးထားတယ်။ စာသင်ဆောင် အားလုံးကို ဘုတလင်မြို့က နာမည်ကျော်တွေရဲ့ နာမည်တွေကို ပေးထားတယ်။ သံချိုဆောင်၊ မြ၀တီဆောင်၊ ဗန္ဓကဆောင်၊ ဗန္ဓုလဆောင်၊ ခုံမင်းကြီးဆောင်၊ ကတ်ဆောင် (နောက်မှတိုးပီး ကပ်မိုးကပ်ကာနဲ့ ဆောက်ထားလို့ပါ)၊ ခွင့်လွှတ်ပါ နောက်တစ်ဆောင် နာမည်က မကြီးမေ့နေတယ်။ စာကြည့်တိုက် အဆောင်ကိုတော့ ဆရာတော်ဗုဓ်ဆောင် ဆိုပီး နည်မည်တွေ ပေးထားတယ်။

မကြီးတို့ ပထမတန်းက အဆောင်က သံချိုဆောင်ပါ။ တစ်ထပ်ဆောင် လှေခါး ၃ထစ်ရဲ့အောက်မှာ အုတ်ခုံတစ်ခုခံထားတယ်။ အဲဒီအုတ်ခုံဟာ မကြီးတို့ ကျောက်တံသွေးတဲ့ နေရာပေါ့။ မကြီးပါချူး ပထမတန်းမှာ အတန်းစတက်တော့ မေမေက ကျောင်းကို လိုက်မပို့တော့ဘူး။ မကြီးထက် အကြီး မမကြီးကဘဲ မကြီးနှင့် ညီမလေးကို ကျောင်းလိုက်အပ်ပေးတယ်။ အဲဒီအချိန်မှာ မမကြီးက ၅တန်းကိုရောက်နေဘီ။ မကြီးက ပထမတန်း ညီမလေးက သူငယ်တန်း။

ကျောင်းသွားရင် တစ်ပတ်မှာ ၂ခါလောက် မေမေက ဘိန်းမုန့် အကြီးကြီးတစ်ခုစီ ၀ယ်ကြွေးတယ်။ တစ်ခုကို ၂၅ပြား ပေးရတယ်။ မကြီးကြိုက်တယ်လေ။ ကျောင်းမှာဝယ်စားဘို့ မုန့်ဘိုးက တစ်ယောက်ကို ၁၀ပြားစီရတယ်။ မကြီးနှင့် အငယ်မက အဆောင်တစ်ခုတည်းမှာ တက်ရတာ။ သွားအတူ လာအတူပေါ့။ ကျောင်းဆင်းဘီဆိုရင် မကြီးက အငယ်မအတန်းကို သွားပီး ခေါ်ရတယ်။

တစ်နေ့မှာ နေ့လည် (၁၁)နာရီ ကျောင်းဆင်းတော့ လှေခါးမှာ စုပြုံတိုးဝှေ့ပီး တွန်းရင်း ထိုးရင်း ဆင်းကြ တာပေါ့။ ညီမလေးကို တစ်ယောက်က တိုးလိုက်တာ ညီမလေးက မထိမ်းနိုင်ဖြစ်ပီး အောက်ကို ကျမယ်လုပ်တာ မကြီးက လှမ်းဆွဲပီး ဖက်လိုက်တယ်။ မကြီးလဲ မထိမ်းနိုင်ဖြစ်ပီး လဲကျသွားတာ လှေခါးသုံးထစ်ရဲ့ အလယ်ထစ်မှာ မကြီးက အောက်က အငယ်မက အထက်က လဲကျသွားတယ်။ ဒါပေမဲ့ မကြီးခြေထောက်က လှေခါးဆံကြားထဲမှာ ရောက်သွားတော့ ကလန့်လိုက်သလို ဖြစ်သွားတယ်။ ဆရာမတွေလာကူပီး ဆွဲထူမှ ရတယ်။ မကြီးက ခြေထောက်နာလို့ ငိုနေတဲ့ အချိန်မှာဘဲ မေမေရောက်လာတယ်။ မကြီးခြေထောက်ကို ကြည့်ပီး သမီး ဘိန်းမုန့် သွားစားရအောင် မေမေ၀ယ်ကြွေးမယ် သွားစို့ဆိုပီး လမ်းလျှောက်ခိုင်းတယ်။ မကြီးက လမ်းလည်း မလျှောက်နိုင် ဘိန်းမုန့်လည်း စားချင် ဘယ်လိုလုပ်ရမှန်း မသိဘူး။ မေမေ့ကို သမီးမသွားနိုင်လို့ သွားဝယ်ပေးပါ ဆိုပီး ပြောရင်းနဲ့ ငိုနေတာပေါ့။ မေမေကတော့ သိလိုက်တယ် ချက်ချင်း မကြီးကိုချီပီး ဆေးရုံကို ခေါ်သွားတယ်။ ဆရာဝန်က စစ်ဆေးပီး ဓါတ်မှန်ရိုက်ယူခဲ့ဘို့ မေမေ့ကို ပြောလိုက်တယ်။ မကြီးခြေထောက် ကိုတော့ ကြပ်စီးပေးလိုက်တယ်။

မကြီးတို့ငယ်ငယ်က ဘုတလင်မြို့မှာ ဓါတ်မှန်ရိုက်တဲ့စက် မရှိသေးဘူး။ မုံရွာကိုသွားပီး ရိုက်ရတယ်။ မုံရွာ မှာလည်း ဆေးရုံကြီးမှာဘဲ ရှိတယ် အပြင်ဆေးခန်းတွေမှာ ဓါတ်မှန်ခန်းရှိသေးဘူး။ မကြီးခြေထောက်ကို ဓါတ်မှန်ရိုက် သွားမယ်ဆိုတော့ ဖေဖေကလည်းမရှိဘူး။ အိမ်ဘေးနားက အစ်မကြီး တစ်ယောက်ကို ခေါ်ပီးသွားရတယ်။ ဘုတလင်နဲ့ မုံရွာက (၂၁)မိုင်ဘဲဝေးတာ ဒါပေမဲ့ ကားကလည်းရှားတော့ မုံရွာဆေးရုံကို ညနေ ၄နာရီမှရောက်တယ်။ ရောက်ပြန်တော့လည်း မီးမလာဘူးတဲ့ ဓါတ်မှန်က ရိုက်လို့မရသေးဘူး။ ည(၈)နာရီမှ မီးကလာမယ်ဆိုတော့ မီးလာအောင် စောင့်ရုံဘဲ ရှိတော့တာပေါ့။ မကြီး ရေဆာလာတာနဲ့ မေမေက ရေနွေးတောင်းပေးတယ် ပူလို့ မသောက်နိုင်တာနဲ့ မသောက်ဘဲ ရေငတ်ဘဲ ခံလိုက်တယ်။ ည(၈)နာရီထိုးတော့ မီးလာတာနဲ့ ဓါတ်မှန်ရိုက်တယ်။ ပီးတော့ ဘုတလင်ကို ပြန်ဘို့ရာ ကားမရှိတော့တာနဲ့ မေမေ့သူငယ်ချင်းအိမ်ကို သွားအိပ်ကြရတယ်။ ည(၁၀)နာရီတောင် ထိုးပီးဘီ။ ဆိုင်ကနေ ခေါက်ဆွဲကြော်နှစ်ထုတ် မေမေက ၀ယ်လာပီး ညနေစာ ဖြေရှင်းကြတယ်။ မစားနိုင်ကြဘူး အထုတ်အတိုင်းဘဲ လွှင့်ပြစ်လိုက်ရတယ်။ နောက်နေ့ မနက်စောစော အိပ်ရာကထပီး ဘုတလင်ကို ပြန်လာကြတယ်။ မကြီးမှာ ပင်ပန်းလိုက်တာ မေမေဆို စိတ်ရော လူရော ပိုပင်ပန်းတာပေါ့။

မေမေက မကြီးခြေထောက်ကျိုးတဲ့ ဓါတ်မှန်ကို ဆရာဝန်ကိုပြတော့ ဆရာဝန်က မယုံနိုင်ဘူးဖြစ်နေတယ်။ မကြီးခြေထောက် (ညိုသကြီးရိုး)က တည့်မကျိုးဘဲ တစောင်းကျိုးလို့လေ။ သူတို့လည်း တစ်ခါမှ မကြုံဘူးလို့ပါတဲ့ ဓါတ်မှန်ရိုက်တဲ့အချိန်တုံးက မကြီးများ ခြေထောက်ကို လှုတ်လို့လားဆိုပီး မေးတယ်။ နော်တစ်ခါပြန်ရိုက်ရတယ် ဒီတစ်ခါတော့ ဆရာဝန်ကြီးက သူကိုယ်တိုင်လိုက်လာပီး ဆေးရုံကားနဲ့ဆိုတော့ မကြီးလည်း သက်သာတောပေါ့ အဲဒီရက်က ဖေဖေလည်း ရောက်နေဘီ။ ဓါတ်မှန်ပြန်ရိုက်တော့လည်း အရင်ပုံအတိုင်းဘဲ ပြန်ထွက်လာတော့မှ ဆရာဝန်ကြီးက စိတ်ချသွားတယ်။ ကျော်ပတ်တီး စည်းခိုင်းတော့တယ်။ ခြေထောက်ကို သစ်သားပြား ကြတ်စည်းနဲ့ နေရတာ တစ်ပါတ်နီးပါးလောက်ရှိသွားတယ်။ မကြီးကျိုးတဲ့ ခြေထောက်ကို ရိုက်ထားတဲ့ ဓါတ်မှန်ကို ထူးခြားဖြစ်စဉ်ဆိုပီး ဆေးရုံက တောင်းပီး ယူထားလိုက်ကြတယ်။

မကြီးကို အိမ်ပေါ်ကနေ အိမ်အောက်ကို အဆင်းမခံဘူး အိပ်ရာနားမှာဘဲ စားစရာ ကစားစရာ အားလုံး ပေးထားတယ်။ ဒါပေမဲ့ မကြီးဘဲလေ မတ်တတ်ရပ်ပီး မသွားနိုင်တော့ ဖင်ထရွတ်ဆွဲသွားပီး ဆော့တာပေါ့ ဒါပေမဲ့ အိမ်ပေါ်မှာဘဲလေ။ သူငယ်ချင်းတို့ရော ဖင်ထရွတ်ဆွဲပီး တစ်လခွဲကြာအောင် ဘယ်သူ ဆော့ဘူးလဲ ဟင်...... ။